Homeသတင်းသထုံမြို့နယ်အတွင်း အပတ်စဉ် သောက်သုံးရေ အခမဲ့လှူဒါန်းပေးနေ

သထုံမြို့နယ်အတွင်း အပတ်စဉ် သောက်သုံးရေ အခမဲ့လှူဒါန်းပေးနေ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဧပြီ ၃၀)

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း သောက်သုံးရေ အခက်အခဲ ဖြစ်နေသောရပ်ကွက်များကို သထုံခရိုင်မီးသတ်ဦးစီးဌာနက အပတ်စဉ် အခမဲ့ ရေပေးဝေ လှူဒါန်းနေကြောင်း သိရသည်။

သထုံမြို့နယ်အတွင်း သောက်သုံးရေ အခက်အခဲဖြစ်နေသော ရပ်ကွက်များကို ပုံမှန် လှူဒါန်းပေးနေခြင်းဖြစ်ကြောင်း သထုံခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သောက်သုံးရေ အခက်အခဲဖြစ်ကြတယ်။ အဲဒါ အဆင်ပြေစေဖို့ ကျွန်တော်တို့ဘက်က အကူညီလိုနေတဲ့‌ နေရာတွေကို အလှည့်ကျ အခမဲ့ ပေးဝေ လှူဒါန်းနေတာပါ”ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ် မီးသတ်ဦးစီးဌာန၏ စီမံဦးဆောင်မှုနှင့် အတူ ပြည်သူ့အကျိုးပြုလုပ်ငန်းအနေဖြင့် သောက်သုံးရေအခက်အခဲရှိနေသော နေရာများကို အခမဲ့ပေးဝေနေခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

သောက်သုံးရေ အခက်အခဲဖြစ်နေသည်ဟု အကူညီတောင်းခံလာသော ရပ်ကွက်၊ ကျေးရွာများထိ ဆင်းကာ သောက်သုံးရေ အခမဲ့ လှူဒါန်းပေးကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လအတွင်းက ရေစတင် ပြတ်လပ်လာခဲ့ခြင်းဖြစ်ပြီး သောက်သုံးရေ ရှားပါးမှုနှင့် ကြုံနေရကြောင်း ဒေသခံပြည်သူ တစ်ဦးက ပြောသည်။

“အရင်ကဆို သင်္ကြန် မတိုင်ခင်နဲ့ သင်္ကြန်ပြီးမှ ရေတွေစခမ်းတာ အခုက အစောကြီး ရေပြတ်တယ်။ ရာသီဥတုကလည်း ပိုပူလာတယ်။ အခုဆို သောက်သုံးရေ တော်တော်အခက်အခဲဖြစ်တယ်။ လာလှူပေးကြတဲ့သူတွေရှိလို့သာ အဆင်ပြေနေတာ”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စားဝတ်နေရေးအခက်အခဲရှိနေသောကြောင့် သောက်သုံးရေကိုပါ ဝယ်ယူသုံးစွဲရမည်ဆိုပါက ပိုခက်ခဲလာနိုင်ကြောင်း ဆက်ပြောသည်။‌

မွန်ပြည်နယ်အတွင်း မြို့နယ်များဆွင် မတ်လမှ စတင်ကာ သောက်သုံးရေပြတ်လတ်မှုများ ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

ပြည်နယ်အတွင်း သောက်သုံးရေ အခက်အခဲရှိသော မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်များကို မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနနှင့် ပရဟိတအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များက သောက်သုံးရေ အခမဲ့ ပေးဝေလှူဒါန်းပေးနေကြောင်း သိရသည်။

ဓါတ်ပုံ – သထုံမြို့ပေါ်ရေပေးဝေနေ (၂၀၂၀)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts