မွန်သတင်းအေဂျင်စီ (၂၀၂၂ ဧပြီ ၂၈)
မွန်ပြည်နယ် လမိုင်းမြို့ ဘူတာပိုင်းက မြို့မ အမှတ် ၁ ရပ်ကွက်၊ နေအိမ်တစ်အိမ်မှာ ၂၆ ရက် မွန်းလွဲ ၂ နာရီအချိန်တွင် အိမ်သာကျင်းဆယ်သူ ၃ ဦးမှာ ကျင်းထဲတွင် အောက်စီဂျင်ပြတ်ပြီး လူ ၁ ဦး သေဆုံးသွားကြောင်း သိရသည်။
လမိုင်း ပရဟိတလူငယ်များအဖွဲ့ ၊ တာဝန်ရှိသူတဦးက ” ကျွန်တော်တို့ အိမ်သာကျင်းထဲ ဆယ်ယူတဲ့ လူ ၃ ယောက်က ကျင်းထဲမှာတင် အောက်စီဂျင်ပြတ်ပြီး သတိလစ်နေတာပါ ဆေးရုံးရောက်မှာ ပထမဦးဆုံး ဆင်းသွားတဲ့ တစ်ယောက်က သေဆုံးခဲ့တယ်” ဟု ပြောသည်။
အိမ်သာကျင်းဆင်း ဆယ်သူ ၃ ဦးအနက် သေဆုံးသူ တစ်ဦးမှာ အသက် ၁၃ နှစ်ဖြစ်ပြီး ကျန် ၂ ဦးမှာ အသက် ၁၈နှစ် အမျိုးသားတစ်ဦးနှင့် အလုပ်ခေါင်းဆောင်ဖြစ်သူ ဦးစိုးအောင်တို့ကို အတွင်းလူနာအဖြစ် ကုသခံယူနေရကြောင်း သိရသည်။
ဦးစိုးအောင်တို့နှစ်ဦး အဆုတ်ထဲတွင် အညစ်ကြေးဝင်ခြင်းကြောင့် အသက်ရူကြပ်ကာ လမိုင်းဆေးရုံးမှ တစ်ဆင့် မော်လမြိုင်ပြည်သူဆေးရုံးကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
အိမ်သာကျင်းဆယ်သူ ၃ ဦးက မုဒုံမြို့ ဇာတိဖြစ်ပြီး အိမ်သာကျင်းဆယ်အလုပ်ကို လမိုင်း၊ မောကနင်းကျေးရွာအတွင်း အသက်မွေးဝမ်းကြောင်းလုပ်ကိုင်လာသည်မှာ ၃ နှစ်ကြာပြီ ဖြစ်ကြောင်း သိရသည်။
ယင်း အောက်ဆီဂျင်ပြတ်လပ်မှု ဖြစ်စဉ်မှာ လမိုင်းပရဟိတလူငယ်များအဖွဲ့၊ လမိုင်းမြို့ အစိုးရမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများအပါဝင် ရွှေဟင်္သာ လူမှုကူညီရေးအသင်း(မော့ကနင်း)တို့မှ ဝိုင်ဝန်းကူညီပေးခဲ့ကြောင်း သိရသည်။
