မွန်သတင်းအေဂျင်စီ (၂၀၂၂ ဧပြီ ၂၂)
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၏ နိုင်ငံရေးပါတီ အစုအဖွဲ့ ရွေးချယ်မှုကို မွန်ညီညွတ်ရေးပါတီ (MUP) က တက်ရောက်မည်ဖြစ်ကြောင်း နိုင်တလညီ MUP ဒုဥက္ကဌ(၁) က ပြောသည်။
ယာယီဖွဲ့စည်းထားတဲ့ UPDJC အစုအဖွဲ့က နိုင်ငံရေးပါတီအားလုံးကို ဖိတ်ကြားထားကြောင်း၊
သို့သော်လည်း မဲခွဲရွေးချယ်မှုကို ကန့်သတ်ချက်ဖြင့် မလုပ်သင့်ကြောင်း MUP မှ ဒုဥက္ကဋ္ဌ နိုင်တလညီက ပြောသည်။
“အခုဟာက အရင်တုန်းက ယာယီဖွဲ့ထားတဲ့ UPDJC အစုအဖွဲ့ကနေပြီးတော့ သူတို့က အစည်းအဝေးဖိတ်တာပေါ့လေ၊ နိုင်ငံရေးပါတီအားလုံးကို ဖိတ်တာပေါ့နော်၊ ဖိတ်တော့ ပါတီတစ်ခုကို တစ်မဲ ပုံစံမျိုးနဲ့ သူတို့အဲလို မဲပေးဖို့ သူတို့ စီစဉ်ထားတာပေါ့နော်၊ ဒါပေမဲ့ ကျနော်တို့ရဲ့ ပါတီ အမြင်ကတော့ ဒီရွေးချယ်မှုကို ဒီလိုမျိုး ကန့်သတ်ချက် မလုပ်သင့်ဘူး။ နောက်ပြီးတော့ ကျနော်တို့ နိုင်ငံရေးပါတီတွေ အစည်းအဝေးလုပ်ပြီးတော့မှ ဘယ်ပုံစံနဲ့ ရွေးချယ်မလဲဆိုတာ အဲလိုမျိုး လုပ်သင့်တယ်လို့ ကျနော်တို့ ပါတီအနေနဲ့ အဲလို သဘောထားပေးထားတာရှိတယ်လေ၊ နောက်ပြီးတော့ တိုင်းရင်းသား UPDJC ပါဝင်မှုမှာလည်း တိုင်းရင်းသားပါတီတွေနဲ့ အခြား အင်အားကြီးပါတီတွေလည်း အချိုးပါဝင်မှုလည်း ဒါက ညှိနှိုင်းသင့်တယ်လို့ မြင်တာပေါ့လေ” ဟု နိုင်တလညီက ပြောသည်။
နိုင်ငံရေးပါတီများ အစုအဖွဲ့ UPDJC ရွေးချယ်မှုကို ဧပြီ ၂၇ ရက်မှာ ရွေးချယ်သွားမည်ဖြစ်ပြီး၊ ယင်း ရွေးချယ်မှုကို နိုင်ငံရေးပါတီ အများစု တက်ရောက်မှာ ဖြစ်ကြောင်း သိရသည်။
ယင်း UPDJC အစုအဖွဲ့မှ နိုင်ငံရေး ဆွေးနွေးမှုဖြစ်ရန် အားလုံးရည်မှန်းချက်ရှိကြောင်း၊ သို့သော်လည်း အောင်မြင်ခြင်း၊ မအောင်မြင်ဘူးဆိုသည်မှာ ပါဝင်ပတ်သက်တဲ့ လူအားလုံးအပေါ်တွင် မူတည်ကြောင်း နိုင်တလညီက ပြောသည်။
ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့်လည်း UPDJC ရွေးချယ်မှုကို တက်ရောက်ရန် ပြောကြားထားကြောင်း ANP မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။
“တက်ရောက်ဖို့ ရှိ၊ မရှိဆိုတာကတော့ လောလောဆယ်ကတော့ ကျနော်တို့ ပါတီကတော့က သွားတက်ဖို့က ဆိုရင် တက်ဖို့က ကျနော်ပါတီကို ပြောထားတာတော့ရှိတယ်၊ ဒါပေမဲ့ ကျနော် လောလောဆယ် အတိအကျ ပြောလို့ မရသေးဘူး၊ ပါတီမှာ အများစု သဘောထားရှိရင်တော့က တက်မယ်ဆိုရင်လည်း တက်ဖို့ သဘောထားပေးထားတာပဲ ရှိသေးတယ်၊ ပါတီက တက်ဖို့ ပေးထားပြီးလား၊ မပေးဘူးလားဆိုတာ လောလောဆယ် ခရီးလွန်နေလို့ ကျနော် အတိအကျ မသိသေးဘူး” ဟု ဦးသာထွန်းလှက ပြောသည်။
UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့အဖြစ် နိုင်ငံရေးပါတီ ၉၂ ပါတီ ရှိတဲ့အနက် အမြဲတမ်းကော်မတီဝင် (၁၆) ပါတီနှင့် အရန် ကော်မတီဝင် (၁၆) ပါတီကို ရွေးချယ်မှာဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးပါတီ အစုအဖွဲ့က ငြိမ်းချမ်းရေးမှာ ပါဝင်ရန်အတွက် လုပ်ဆောင်နေခြင်မှာ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်လိုသည့်အတွက် ကောင်းမွန်ကြောင်း ကရင်အမျိုးသား ဒီမိုကရတ်တစ်ပါတီမှ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။။
“နိုင်ငံရေးပါတီ အစုအဖွဲ့က ငြိမ်းချမ်းရေးပူးတွဲဆွေးနွေးမှုမှာ ပါဝင်ဖို့အတွက် လုပ်ဆောင်နေတာဟာ ငြိမ်းချမ်းရေးကို အမြန်မြင်စေချင်လို့၊ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ချင်လို့ ဆိုတဲ့ ရည်ရွယ်ချက်ပါပဲ၊ အရင်တုန်းကလည်း UPDJC အစုအဖွဲ့များ ပြီးခဲ့တဲ့ ကျနော်တို့ အခုလည်း နိုင်ငံရေးပါတီက ပြန်လည်ပြီးတော့ အသက်ဝင်လှုပ်ရှားပြီးတော့က ငြိမ်းချမ်းရေး မြန်မြန်ရနိုင်အောင်၊ ဒါမှမဟုတ်ရင်လည်း မြန်မြန်ဆွေးနွေးနိုင်အောင် ဒီနှစ်ကလည်း ဦးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်ထားတော့က အတတ်နိုင်ဆုံး အကောင်အထည်ဖော်နိုင်အောင် စီစဉ်ဆောင်ရွက်ခြင်းပဲ ဖြစ်တယ်လို့ ကျနော်တော့ အဲလို နားလည်တယ်လေ” ဟု ပြောသည်။
သို့သော်လည်း နိုင်ငံရေးပါတီ အစုအဖွဲ့တစ်ခုတည်းနှင့် အလုပ်မဖြစ်နိုင်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့၊ တပ်မတော်၊ အစိုးရအစုအဖွဲ့များလည်း ရှိရန်လိုအပ်ကြောင်း မန်းအောင်ပြည့်စိုးက ပြောသည်။
နိုင်တလညီ က လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး အနေအထားမှာ အကျဉ်းအကျပ် အချိုးအကွေ့ကို ရောက်နေသည့် အနေအထားတွင် ရှိနေကြောင်း၊ ယင်း အချိုးအကွေ့ကို ကျော်လွန်ရန် ဆိုသည်မှာ ပါဝင်ပတ်သက်သူ အားလုံးပါဝင်မှ ဖြစ်နိုင်မည်ဟု မြင်မိကြောင်း ပြောသည်။
UPDJC ကို အစိုးရ၊ လွှတ်တော်နှင့် တပ်မတော် ကိုယ်စားလှယ် ၁၆ ဦး၊ NCA ထိုးထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၆ ဦး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦးတို့နှင့် ဖွဲ့စည်းရမှာ ဖြစ်ကြောင်း သိရသည်။
