Monday, March 30, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးNSPNC နှင့် UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့တို့ ပုဒ်မ ၂၆၁ ပြင်ဆင်ရန်သဘောတူ

    NSPNC နှင့် UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့တို့ ပုဒ်မ ၂၆၁ ပြင်ဆင်ရန်သဘောတူ

    -

    မွန်သတင်းအေဂျင်စီ (ဧပြီ ၈)

    အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆော်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့တို့ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ရန် ပြီးခဲ့သည့် ဧပြီ ၆ ရက်က နေပြည်တော်တွင် သဘောတူခဲ့ကြောင်း သိရသည်။

    NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် စိုင်းအိုက်ပေါင်း ဦးဆောင်သည့် အလုပ်အဖွဲ့ကိုယ်စားလှယ်တို့ တွေ့ဆုံ ဆွေးနွေး၍ သဘောတူခဲ့ခြင်းဖြစ်သည်။

    စိုင်းအိုက်ပေါင်းက “အဓိကတော့ ပုဒ်မ ၂၆၁ ပေါ့နော်၊ ပုဒ်မ ၂၆၁ ကို ပြည်နယ်နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်နဲ့ တိုင်းလွှတ်တော်ကနေပြီးတော့ ရွေးဖို့ပေါ့၊ ရွေးပြီးတော့ ခန့်ဖို့ရယ်၊ ရွေးချယ်ပြီးတော့ သမ္မတကနေပြီးတော့ အတည်ပြုပေးဖို့၊ အဲဒါပါ” ဟု ပြောသည်။

    တိုင်းရင်းသားပါတီ အများစုက ပုဒ်မ ၂၆၁ ကို ပြင်ဆင်ရန် ဆန္ဒရှိကြသော်လည်း လက်ရှိ အနေအထားအရ မည်သို့ပြင်ဆင်မည်ကို သဲသဲကွဲကွဲမသိရှိရသေးကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) ဒုတိယဥက္ကဌ (၂) နိုင်တလညီက ပြောသည်။

    “ဒါကတော့ ကျနော်တို့ တိုင်းရင်းသားပါတီ တော်တော်များများကပေါ့နော် ပုဒ်မ ၂၆၁ ကို ပြင်ဖို့ကတော့ ဆန္ဒသဘောထား ရှိကြတာပေါ့နော်၊ ဒါပေမဲ့ အခုဟာက သဘောတူညီချက်တော့ ရှိတာပေါ့။ ဒါပေမဲ့ ဘယ်လိုပြင်မလဲဆိုတာ ဒါကလည်းရှိသေးတာပေါ့နော်၊ ပြင်ပုံပြင်နည်းတွေလေ၊ ဒီမှာက အမြင်က နှစ်ခုပေါ့၊ ခုထိ သဲသဲကွဲကွဲတော့ မရှိသေးဘူးပေါ့နော်၊ ဘာလို့လည်းဆိုတော့ နစက ကလည်း ပြောတာပေါ့နော်၊ ၂၀၀၈ ဖွဲ့စည်းပုံကို ရပ်တည်ပြီးတော့ လုပ်ဆောင်မယ်ဆိုပြီး ပြောတာပေါ့နော်၊ ၂၀၀၈ ဖွဲ့စည်းပုံကလည်း ပြင်မယ်ဆိုရင် လွှတ်တော်မှာ ပြင်ရမှာလေ၊ ဒါပေမဲ့ အခုဟာက ကျနော် သိသလောက်ပေါ့နော်၊ သဘောတူညီချက် ယူထားတာရှိတယ်လေ ဒါပေမဲ့ ပြင်တဲ့အဆင့်ကြ ဘယ်လိုပြင်မှာလည်းဆိုတာ ရှိသေးတယ်လေ” ဟု နိုင်တလညီက ပြောသည်။


    ထို့အတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို ပြည်ထောင်စုလွှတ်တော်ကသာ ပြင်ဆင်၍ ရကြောင်း ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

    ဒေါက်တာ အေးမောင်က “ဖွဲ့စည်းပုံပြင်ရေးဆိုတာ နိုင်ငံရေးပါတီတွေနဲ့ အစိုးရနဲ့ ဆွေးနွေးလို့ရတဲ့ဟာ မဟုတ်ဘူး၊ လွှတ် တော်က ပြင်မှရမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေ၊ လက်ရှိအစိုးရ ပြင်လို့လည်း မရဘူး၊ အရင်အစိုးရ ပြင်လို့လည်း မရဘူး၊ သူ့ရဲ့  ဖွဲ့စည်းပုံပြဋ္ဌာန်းချက်အရ ၂၀၀၈ အရဆိုရင် လွှတ်တော်ကပဲ ပြင်ရမှာ၊ အဲတော့ အခုက NSPNC နဲ့ နိုင်ငံရေးပါတီ အစု အဖွဲ့လောက်က သဘောတူပါတယ်ဆိုတဲ့ အချက်က အချက်တစ်ခုတော့ ဖြစ်သွားတာပေါ့၊ အဖြေတစ်ခုတော့ ရသွားမှာပေါ့၊ ဒါပေမဲ့ အဲလိုပြင်တဲ့ နိုင်ငံရေးပါတီတွေက လွှတ်တော်ကို ရောက်ပါ့မလားဆိုတာက အဓိကပြဿနာ၊ NSPNC ကတော့ တပ် က သဘောတူလို့ ဘယ်လိုပဲဖြစ်ဖြစ်၊ သူ့ကိုယ်စားပြုတဲ့ လွှတ်တော်အမတ်တွေက လွှတ်တော်ကို ရောက်မယ်လေ၊ အခု UPDJC မှာပါတဲ့ နိုင်ငံရေးပါတီတွေကို လူထုက ဘယ်လောက် ထောက်ခံပြီးမှ လာမယ့်ရွေးကောက်ပွဲမှာ အမတ်ဘယ် လောက် ရမှာလဲဆိုတာ အရေးကြီးတာပေါ့၊ အမတ်ကပဲ ပြင်လို့ရတာလေ၊ ပါတီကိုယ်စားပြုတဲ့ အမတ်ကပဲ ရတာလေ”ဟု ပြောသည်။

    ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၁ အရ နိုင်ငံတော်သမ္မတသည် ဒေသဆိုင်ရာ လွှတ်တော်အမတ်များထဲမှ ၎င်းလိုလား သူကို ရွေးချယ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခွင့်ရှိသည်။

    ပုဒ်မ ၂၆၁ ကို ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ဒုတိယအကြိမ် လွှတ်တော်တွင် ပြင်ဆင်ရန် တပ်မတော်သားများ အဆိုတင်သွင်းခဲ့ရာ NLD လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်၍ ပျက်သွားခဲ့ကြောင်း သိရသည်။

    Photo; NSPNC နဲ့ UPDJC နိုင်ငံရေးပါတီအစုအဖွဲ့တွေ့ဆုံစဉ်

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks