မွန်သတင်းအေဂျင်စီ (၂၀၂၂ ဧပြီ ၁)
ဘားအံမြို့နယ်၊ ဇွဲကပင်တောင်ပေါ်၌ မတ် ၃၀ ရက်က ပျောက်ဆုံးခဲ့သည့် အမျိုးသမီးတစ်ဦးအား ရှာဖွေခဲ့ရာ ယနေ့ (ဧပြီလ ၁ ရက်နေ့) နံနက်ပိုင်းတွင် သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်း ဘားအံလူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။
လူမှုကယ်ဆယ်ရေးအသင်းများ အင်အား၆၀၊ အရံမီးသတ်ဌာနမှ အင်အား ၃၀သုံးပြီး ရှာဖွေမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ရာ အထက်ရေ တံခွန်အနီး မြောင်းထဲ၌ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့ရှာဖွေရေးလုပ်ငန်းစဥ်တွက် ပါလာသော ခွေးနှစ်ကောင်မှ အနံ့ခံခဲ့ရာ အဆိုပါမြောင်းအတွင်း သစ်ရွက်များ ကျောက်တုံးများဖြင့်ဖိထားသော ပျောက်ဆုံးအမျိုးသမီး မဇာခြည်လှိုင်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဘားအံလူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက “နှစ်ရက်ကြာပြီဆိုတော့ သေနေရင်အနံ့ထွက်မှာမလို့ ခွေးနှစ်ကောင်ပါသွားတယ်။ ခွေးတွေက အနံ့ခံတဲ့နောက်လိုက်ရင်း ခြေထောက်ပေါ်နေတာ။ သစ်ရွက်တွေ ကျောက်တုံးတွေနဲ့ ဖိထားတယ်”ဟု ပြောသည်။
သေဆုံးသူ မဇာခြည်လှိုင်သည် ဘားအံမြို့ တောကြီးကုန်းကျေးရွာမှဖြစ်ပြီး ဒုတိယနှစ် သင်္ချာမေဂျာဖြင့် တက္ကသိုလ်တက်ရောက်နေသူကျောင်းသူတစ်ဦးဖြစ်သည်။
မဇာခြည်လှိုင်သည် မတ် ၃၀ ရက်နေ့လည် ၁ နာရီခွဲခန့်က အမျိုးသားတစ်ဦးနှင့် အတူ ဇွဲကပင်တောင်ပေါ်သို့တက်ရောက်ခဲ့ပြီး အဆိုပါအမျိုးသားက ညနေပိုင်းတွင် ပြန်ဆင်းလာသည်။
မဇာခြည်လှိုင် ပြန်မပါခဲ့ရာမှ အတူလာသူ အမျိုးသားကို မေးမြန်းရာ မသင်္ကါဖွယ် ပြောဆိုသည့်စကားများကြောင့် တက်ရောက်ရှာဖွေခဲ့ကြခြင်းဖြစ်သည်။
မဇာခြည်လှိုင်နှင့် အတူလာရောက်ခဲ့သူ အမျိုးသားမှာ ကော့ကရိတ်မြို့နယ် ကျေးရွာတစ်ခုမှ ဟိန္ဒူဘာသာအမျိုးသားတစ်ဦးဖြစ်ပြီး သက်ဆိုင်ရာရဲစခန်းမှ စစ်ဆေးရန်သွားရောက်မေးမြန်းခဲ့ရာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
