Homeသတင်းမွန်ပြည်နယ်အတွင်း မြို့နယ်တစ်ချို့တွင် သောက်သုံးရေ ပြတ်လပ်မှုများ ကြုံနေရ

မွန်ပြည်နယ်အတွင်း မြို့နယ်တစ်ချို့တွင် သောက်သုံးရေ ပြတ်လပ်မှုများ ကြုံနေရ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ မတ် ၂၁)

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တစ်ချို့တွင် မတ်လ မှ စတင်ကာ သောက်သုံးရေ ပြတ်လပ်မှုများနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

ကျိုက်မရောမြို့ပေါ် ရပ်ကွက်များတွင် ရေတွင်းရေများ စတင်ခမ်းခြောက်လာပြီဖြစ်ကြောင်း၊ မတ်လ ဒုတိယအပတ်မှ စတင်ကာ ရေပြတ်လတ်မှုများ ရှိလာခဲ့ပြီး ရေကားမှ ရေကို ဝယ်ယူသုံးစွဲနေရကြောင်း ကျိုက်မရောမြို့နယ်မှ ဒေသခံ တစ်ဦးက ပြောသည်။

“အရင်တုန်းက သင်္ကြန်ပြီးမှ ရေစပြီး ပြတ်လာတာပေါ့။ အခုနောက်ပိုင်း တစ်ဖြည်းဖြည်းနဲ့ ပိုဆိုးလာတယ်။ မတ်လလောက်ထဲက ရေက စပြီး ပြတ်လာတယ်။ ရေတွေ ဝယ်သုံးနေရတယ်”ဟု ၎င်းက ပြောသည်။

မော်လမြိုင်၊ ကျိုက်မရော၊ ကျိုက်ထိုနှင့် သထုံမြို့ပေါ် ရပ်ကွက်တစ်ချို့တွင် သောက်သုံးရေ ပြတ်လတ်လာခြင်းကြောင့် ရေဝယ်သုံးနေရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ကျိုက်မရောမြို့နယ်မှ ပရဟိတလူငယ်များက သောက်သုံးရေပြတ်လပ်နေသော ရပ်ကွက်များကို ရေများ လိုက်လံလှူဒါန်းနေကြောင်း သိရသည်။

အလားတူ မော်လမြိုင်မြို့နယ်တွင်လည်း သောက်သုံးရေ ပြတ်လပ်မှုများနှင့် စတင်ကြုံတွေ့နေရပြီဖြစ်ကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်တွင် ဈေးကြို၊ ရွှေတောင်ရပ်၊ တောင်‌ပေါ်တန်းနှင့် မြိုင်သာယာရပ်ကွက်တစ်ချို့တွင် သောက်သုံးရေ ပြတ်လပ်မှုများနှင့် ကြုံနေရကြောင်း ရေလှူဒါန်းနေသူ တစ်ဦးက ပြောသည်။

“နှစ်တိုင်းတော့ လှူပေးတယ်။ အရင်ကထက် စောပြီး ရေတွေ ပြတ်လာတာ တွေ့ရတယ်။ သုံးရေရော သောက်ရေရောပေါ့။ ကျွန်တော်တို့က‌တော့ အကူညီ‌တောင်းလာတယ်ဆိုရင်‌တော့ သွားလှူဒါန်ပေးတယ်။ အခုဆို နေတိုင်းအကူညီတောင်းတာတွေ ရှိတယ်”ဟု ၎င်းက ပြောသည်။

ရေအခက်အခဲရှိနေသူများကို ရေလှူဒါန်း ကူညီနေသည့် အဖွဲ့များ ရှိသော်လည်း စက်သုံးဆီဈေး မြင့်တက်နေသောကြောင့် အရမ်းဝေးကွာသည့် နေရာများကို သွားရောက်ရန် အခက်အခဲရှိကြောင်း ၎င်းက ဆက်ပြောသည်။

မော်‌လမြိုင်မြို့နယ်အတွင်း ‌မြို့ပေါ်ရပ်ကွက်များကို ကင်မွန်းချုံဆည်၊ ရွှေနတ်တောင်ဆည်နှင့် ရေသန့်စင် ရေပေးဝေးရေးတို့မှ ရေပေးဝေနေခြင်းဖြစ်ကြောင်း သိရသည်။

Caption – ရေများဝေငှနေစဉ် (Internet)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts