spot_img
Thursday, May 9, 2024
More
    spot_img
    Homeငြိမ်းချမ်းရေးမွန်တမျိုးသားလုံးနှင့် ဒေသခံပြည်သူတို့၏အကျိုးစီးပွားကိုရှေ့ရှုပြီး လူထုသွေးထွက်သံယိုမဖြစ်စေသည့် နည်းလမ်းကိုရွေးချယ်ခဲ့သည်ဟု MUP ဆို

    မွန်တမျိုးသားလုံးနှင့် ဒေသခံပြည်သူတို့၏အကျိုးစီးပွားကိုရှေ့ရှုပြီး လူထုသွေးထွက်သံယိုမဖြစ်စေသည့် နည်းလမ်းကိုရွေးချယ်ခဲ့သည်ဟု MUP ဆို

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မတ် ၂၁)

    မွန်ညီညွတ်ရေးပါတီ MUP သည် ဥပဒေဘောင်အတွင်းက နိုင်ငံရေးပါတီဖြစ်သည်နှင့်အညီ သိမ်မွေ့ညင်သာသော အပြောင်းအလဲကို ဖော်ဆောင်နိုင်ရန် နိုင်ငံရေးပြဿနာကိုဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာသွားရန်၊ မည်သည့်နိုင်ငံရေး အချိုးအကွေ့ အလှည့်အပြောင်းတွင် မဆို မွန်တမျိုးသားလုံးနှင့် ဒေသခံပြည်သူတို့၏ အကျိုးစီးပွားကို ရှေ့ရှုပြီး ဆောင်ရွက်သွားရန် ပထမအကြိမ် ပါတီဗဟိုညီလာခံ၏ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ညီလာခံသဘာပတိ MUP ယာယီ ဥက္ကဌဟောင်း ဒေါက်တာ နိုင်လှအောင်က “နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလုပ်တဲ့အခါမှာ နည်းလမ်း ၂ မျိုးပဲရှိပါတယ် သွေးထွက်သံယိုနည်းလမ်းနဲ့ သွားတာတစ်ခု၊ သွေးထွက်သံယိုမှုမရှိစေဘဲ ဥပဒေဘောင်အတွင်းကနေ ကြိုးပမ်းလုပ်ဆောင်သွားတာက နည်းလမ်းတစ်ခု၊ ဒီနေ့ဒီအချိန်ခါမှာ ကျနော်တို့ မွန်ညီညွတ်ရေးပါတီအနေနဲ့ လူထုတွေသွေးထွက်သံယိုမဖြစ်စေတဲ့ နည်းလမ်းကိုရွေးချယ်ခဲ့ပါတယ် တချိန်က ကျနော်တို့ပါတီအတွင်းမှာ ဒီမိုကရေစီနည်းလမ်းကျစွာ မရွေးချယ်နိုင်သေးပေမယ့် အခုဆိုရင် ပါတီကိုယ်စားလှယ်တွေအားလုံးတက်ရောက်လာကြပြီးတော့ ဒီမိုကရေစီစနစ်နဲ့အညီ ဒီမိုကရေစီယဥ်ကျေးမှုအပြည့်အစုံနဲ့ ရွေးချယ်နိုင်ခဲ့တဲ့အပေါ်မှာ နာယကတစ်ဦးအနေနဲ့ အထူးပဲကျေးဇူးတင်ရှိပါတယ်” ဟု ပထမအကြိမ်ပါတီညီလာခံ အပိတ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    သဘာပတိ ဒေါက်တာ နိုင်လှအောင်

    မွန်ညီညွတ်ရေးပါတီက ဒီမိုကရေစီနည်းလမ်းကျစွာဖြင့် ယခုညီလာခံက ရွေးချယ်လိုက်သည့် ဥက္ကဌ နိုင်မြင့်ဆွေ(ခ) နိုင်လဝီအောင်သည် နိုင်ငံရေးနှင့် လက်နက်ကိုင်တော်လှန်ရေးအတွေ့အကြုံများစွာ အတွေ့အကြုံခဲ့သူဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

    “အခုကျနော်တို့ရွေးချယ်ခဲ့တဲ့နေရာမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံက စစ်ရေးအတွေ့အကြုံရှိရမည်ဆိုထားသလိုပဲ ကျနော်တို့ပြည်သူတွေနဲ့အတူ စစ်ရေးအတွေ့အကြုံရှိတဲ့ ဥက္ကဌကို ကျနော်တို့ရွေးချယ်နိုင်ခဲ့တဲ့အပေါ်မှာ အထူးပဲဝမ်းမြောက်မိပါတယ်”ဟု ဒေါက်တာ နိုင်လှအောင်က ဆိုသည်။

    မတ်လ ၁၈ ရက်မှ ၂၀ ရက်အထိ (၃) ရက်တာ ကျင်းပခဲ့သည့် မွန်ညီညွတ်ရေးပါတီ MUP ၏ ပထမအကြိမ် ဗဟိုညီလာခံကနေ ပါတီဥက္ကဋ္ဌ နိုင်မြင့်ဆွေ (ခ) နိုင်လဝီအောင်၊ ဒုဥက္ကဌ (၁) နိုင်တလညီ၊  ဒုဥက္ကဌ (၂) နိုင်ချမ်းတွဲ့ အပါအဝင် ဗဟိုအလုပ်အမှုဆောင်ဝင် ၂၇ ဦး ရွေးချယ်အတည်ပြုခဲ့ကြောင်း သိရသည်။

    နိုင်မြင့်ဆွေ (ခ) နိုင်လဝီအောင်က  “အမျိုးသားရေးတာဝန်ကို ဥပဒေဘောင်အတွင်းကနေပြီး ဆောင်ရွက်သွားဖို့ ကျနော်တို့ အမြဲတမ်းစဥ်းစားပါတယ် ဒီ(ဥက္ကဌ) တာဝန်ကိုမရသည့်တိုင် ဒါတွေကို လုပ်ဆောင်ခဲ့ပြီးသားပါ၊ အခုလို ရွေးချယ် တာဝန် ပေးလိုက်တယ်ဆိုပြန်တော့ ပိုပြီးကြိုးစားလုပ်ဆောင်သွားရမှာပါ၊ ဒါပေမယ့် မိမိတစ်ဦးတည်း လုပ်ဆောင်သွားလို့မရပါဘူး ဒီမိုကရေစီ နည်းကျစွာနဲ့ ကျနော်တို့ပါတီက ချမှတ်ထားတဲ့ မူဝါဒ၊ လမ်းစဥ်တွေ ပန်းတိုင်ရောက်ရှိနိုင်ဖို့အတွက် မြို့နယ်အသီးသီးက ပါတီဝင်တွေ အထူးသဖြင့် မြိတ်ကနေ ပဲခူး၊ ရန်ကုန်အထိ ကိုယ်စားလှယ်တွေကနေ ကျနော်တို့ကိုရွေးချယ်လိုက်ပြီဆိုတော့ သူတို့တောင်းဆိုထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ အခွင့်အရေးရရှိနိုင်ဖို့ ပါတီရဲ့မူဝါဒ လမ်းစဥ်တွေနဲ့အညီ ကျနော်တို့ အစွမ်းကုန် ကြိုးစားလုပ်ဆောင်သွားပါမယ်” ဟု  ‌ပြောသည်။

    နိုင်မြင့်ဆွေ (ခ) နိုင်လဝီအောင်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်လွှတ်တော် ရေးမြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၁) မှ ရွေးချယ်ခံကိုယ်စားလှယ်ဖြစ်ခဲ့ပြီး သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က မွန်ပြည်နယ်အစိုးရ လျှပ်စစ်၊ စက်မှုနဲ့ စွမ်းအင်ဝန်ကြီးဟောင်းတစ်ဦး ဖြစ်သည့်အပြင် မွန်ပြည်သစ်ပါတီ (NMSP) တွင် ၃၅ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သူ ဗဟိုကော်မတီဝင်၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA ဗဟိုစစ်ကော်မတီအဖွဲ့ဝင် စစ်ထောက်ချုပ် ဗိုလ်မှူးကြီးဟောင်းတစ်ဦးလည်း ဖြစ်ခဲ့သည်။

    “မြိတ်ဒေသ ကော့သောင်းကနေ ရန်ကုန်၊ ပဲခူးအထိ ကိုယ်စားလှယ်တွေ ညီလာခံကို လာရောက်တက်ကြပြီးတော့ တရားဥပဒေဘောင်အတွင်းမှာ လူထုအတွက်ရပ်တည်ပေးနေတဲ့ မွန်ညီညွတ်ရေးပါတီကို အသိအမှတ်ပြုတာ ကျနော်တို့ဝမ်းသာတယ် အခုလိုဝမ်းသာအားရဖြစ်မှုနဲ့အတူ မိမိဒေသအသီးသီး ပြန်ရောက်သွားတဲ့အခါမှာ ဆက်လက်ပြီးလုပ်ဆောင်သွားရမယ့် အလုပ်တာဝန်တွေအတွက် ရိုးသားစွာ ညီညွတ်စွာနဲ့ပဲ ဂိုဏ်းဂဏအစုအဖွဲ့ ပုဂ္ဂိုလ်စွဲတွေမထားကြဘဲ ဖြူစင်စွာ ဆန္ဒမဲတွေ ပေးအပ်ခဲ့တဲ့ အပေါ်မှာ မွန်ညီညွတ်ရေးပါတီဆိုတဲ့အတိုင်း ဒီကနေ့ တက်ရောက်လာတဲ့ ပါတီကိုယ်စားလှယ် ၄၀၀ ကျော်ရဲ့ သဘောထားအမြင်တွေဟာ ကျနော်တို့နဲ့တထပ်ထည်း အတူတူပဲဆိုတာ သိမြင်လိုက်ရတဲ့အတွက် သိပ်ကို ဝမ်းသာပီတီ ဖြစ်ရပါတယ်” ဟု နိုင်မြင့်ဆွေ (ခ) နိုင်လဝီအောင်က ပြောသည်။

    နိုင်မြင့်ဆွေ (ခ) နိုင်လဝီအောင်သည် ရန်ကုန် တိမွေးကုတက္ကသိုလ်တွင် ၁၉၆၉ မှ ၇၃ အထိ ပညာဆည်းပူးခဲ့ပြီး မွန်စာပေယဥ်ကျေးမှုအသင်း တက္ကသိုလ်များ-ရန်ကုန်၏ အထွေထွေအတွင်းရေးမှူး ကျောင်းသားခေါင်းဆောင် တစ်ဦးလည်း ဖြစ်ခဲ့သည်။

    ၂၀၁၀ အလွန်အချိန်က မွန်နိုင်ငံရေးပါတီများအကြား သဘောထားကွဲလွဲမှုကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ရှုံးနိမ့်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် မွန်နိုင်ငံရေးအင်အားစုများ၊ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ကို ပေါင်းစည်းကြပြီး မွန်ညီညွတ်ရေးပါတီ MUP ကို ထူထောင်ခဲ့ခြင်းဖြစ်သည်။

    ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအတွင်းက ကွယ်လွန်သွားခဲ့သည့် MUP ၏ ဥက္ကဌ နိုင်တင်အောင် (ခေါ်) နိုင်တလနွန် နေရာကို ဗဟိုညီလာခံကျင်းပပြီး နိုင်မြင့်ဆွေ (ခ) နိုင်လဝီအောင်ကို ရွေးချယ်ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

    ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က စစ်အာဏာသိမ်းမှုဖြစ်ပေါ်ပြီးနောက် နစကကောင်စီအဖွဲ့တွင် MUP ပါတီကိုယ်စားလှယ်ပါဝင်ခဲ့သည့်အပေါ် ပါတီတွင်းသဘောထားကွဲမှုဖြစ်ပေါ်ခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုကော်မတီဝင်အချို့ အစုလိုက်အပြုံလိုက်နုတ်ထွက်မှုများရှိခဲ့သည်။

    ပါတီဝင်အင်အား တစ်သိန်းကျော်ရှိသည့် မွန်ညီညွတ်ရေးပါတီ၏ အလံနှင့် အထိမ်းအမှတ်တံဆိပ်မှာ အဖြူရောင်ကြယ်ပွင့်နှင့် ရွှေဝါရောင်ဟင်္သာရုပ်ဖြစ်ပြီး မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပါတီဌာနချုပ်တည်ရှိသည်။

    မွန်ညီညွတ်ရေးပါတီ၏ နိုင်ငံရေးမူဝါဒ ၇ ရပ်ရှိပြီး နံပါတ် (၁) တွင် တစ်နိုင်ငံအတိုင်းအတာဖြင့် ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသော လူမျိုးကို အခြေခံဖွဲ့စည်းသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ထောင်ရန်ဖြစ်သည်။ 

    ထို့အတူ တိုင်းရင်းသားများ လိုလားသည့် ဖက်ဒရယ်ဒီမိုကရေစီနှင့် ကိုက်ညီသည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရန်အတွက် ရည်မှန်းချက်တူ တိုင်းရင်းသားပါတီများ၊ အခြား ဒီမိုကရေစီပါတီများနှင့် ပူးပေါင်းသွားမည်ဖြစ်ကြောင်း ယနေ့ (မတ်လ ၂၁ ရက်နေ့) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    MUP ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (မတက်ရောက်နိုင်သူ ဒေါက်တာဗညားအောင်မိုး)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,300SubscribersSubscribe
    spot_img

    Latest posts