spot_img
Saturday, February 21, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးအာဏာရှင်စနစ် ပျက်သုန်းပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် မွန်အမျိုးသမီးများ တောင်းဆို

    အာဏာရှင်စနစ် ပျက်သုန်းပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် မွန်အမျိုးသမီးများ တောင်းဆို

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မတ်လ ၁၃ ရက်)

    အာဏာရှင်စနစ် ပျက်သုန်းပြီး ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်ရန်အပါဝင် အချက် (၅) ချက်ပါ ထုတ်ပြန်ချက်ကို ယနေ့(မတ်လ ၁၃ ရက်နေ့)တွင် ကျရောက်သည့် (၁၈) ကြိမ်မြောက် မွန်အမျိုးသမီးနေ့ အထိမ်းအမှတ်ဖြင့် ထုတ်ပြန်တောင်းဆို ထားကြောင်း သိရသည်။

    ထို့အပြင် တိုင်းရင်းသားတို့၏ သဘောဆန္ဒအတိုင်း ဖက်ဒရယ်စနစ် ရေးဆွဲသွားရန်နှင့် တိုင်းရင်းသားအားလုံး ပါဝင်ဆွေးနွေးနိုင်ရန်၊ ဖမ်းဆီးထားသော နိုင်ငံရေးခေါင်းဆောင်များ လွှတ်ပေးရန်၊ လူ့အခွင်းအရေး ချိုးဖောက်မှုများ အမြန်ဆုံးရပ်တန့်ရန် တောင်းဆိုထားကြောင်း မွန်အမျိုးသမီးများနေ့ ဦးဆောင်ကျင်းပရေး ကော်မတီဝင် ရေးမြို့နယ်မှ အမျိုးသားလွှတ်တော် ရွေးချယ်ခံကိုယ်စားလှယ် မိလဝီဟန်က ပြောသည်။

    “တောင်းဆိုတာတဲ့အချက် (၅) ချက်ဆိုတာက အာဏာရှင်အားလုံး ကျဆုံးသွားဖို့၊ ကျွန်မတို့ မွန်လူမျိုးတွေအနေနဲ့ ဒီမိုကရေစီအာဏာရှင်ရော၊ စစ်အာဏာရှင်ရော ဘယ်အာဏာရှင်မှ မလိုချင်ဘူး။ နောက်တစ်ချက်က တာဝန်ခံမှု တာဝန်ယူမှုရှိတဲ့ ဖက်ဒရယ်စနစ်ကို ပြည်သူ့ဆန္ဒနဲ့အညီ အမြန်ဆုံး ရေးဆွဲသွားဖို့၊ လက်ရှိကာလအထိ ပြည်နယ်အတွက်ကို ဗဟိုအစိုးရကပဲ စီမံနေတာလေ၊ ဒါကြောင့် ဖက်ဒရယ်စနစ်အသစ် ရေးဆွဲရင် တိုင်းရင်းသားအားလုံး ပါနိုင်ဖို့ ဆွေးနွေးနိုင်ဖို့ သေသေချာချာ ပြင်ဆင်ထားဖို့လိုတယ်။ နောက်တစ်ခုက ဖမ်းဆီးထားတဲ့ ပြည်သူ့ခေါင်းဆောင်တွေကို လွှတ်ပေးဖို့၊ ဆိုလိုတာက အမြင်မတူတာနဲ့ ဖမ်းဆီးထောင်ချ၊ သတ်ပစ်တာတွေက ခေတ်အဆက်ဆက် ရှိခဲ့တယ်၊ ဒီလိုမျိုး ဆက်ပြီး မလုပ်ဖို့လိုမယ်။ ဖမ်းဆီးထားတာရှိရင် အမြင်မတူတာတွေ ဆွေးနွေးပြီး လွှတ်ပေးဖို့ပါ၊ နောက်ဆုံးတစ်ခု လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အပစ်မဲ့ ပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရပ်တန့်ပေးဖို့ တောင်းဆိုပါတယ် ” ဟု မိလဝီဟန်က ပြောသည်။

    မွန်အမျိုးသမီးများ ပူးပေါင်ဆောင်ရွက်ပြီး မွန်အမျိုးသားအကျိုးသယ်ပိုးနိုင်ရန်၊ အမျိုးသမီးများကို စည်းရုံးပြီး စိတ်ဓာတ်မြှင့်တင်ရေး နှိုးဆော်သွားရန် ရည်ရွယ်ပြီး မွန်အမျိုးသမီးများနေ့အထိမ်းအမှတ်အခန်းအနားကို ကျင်းပနေကြောင်း ကျင်းပရေးကော်မတီမှ သိရသည်။

    အခမ်းအနားတက်ရောက်သူတစ်ဦးက “အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးမှာ ထိုးဖောက်နိုင်ဖို့ဆိုရင် ကိုယ်နဲ့ သက်ဆိုင်တဲ့ ဥပဒေတွေကို ကျေညက်ထားဖို့ လိုမယ်။ ဥပဒေအပိုင်း မပိုင်နိုင်ရင်တော့ လူတောမတိုးဘူး။ ဥပဒေကို ပြင်ချင်ရင် ဥပဒေအကြောင်း နားလည်ဖို့ မွန်အမျိုးသမီးတွေကို တိုက်တွန်းချင်တယ်” ဟု ပြောသည်။

    မွန်အမျိုးသမီးကွန်ယက်အဖွဲ့တွင် မွန်အမျို့သမီးအဖွဲ့ (MWO)၊ မွန်အမျိုးသားပညာရေးကော်မတီ (MNEC)၊ မွန်အမျိုးသားကျန်းမာရေးကော်မတီ (MNHC)၊ စံပြလူထုအခြေပြုဖွံ့ဖြို့ရေးအဖွဲ့ (JCSDO)၊ မွန်စေတနာဖောင်ဒေးရှင်း၊ မိအဖွဲ့ (MI Org)၊ တိုးတက်သောမွန်လူငယ်အစည်းအရုံး (MYPO)နှင့် မွန်လူငယ်ပညာပေးအဖွဲ့ (MYEO) စသော အဖွဲ့များ ပူးပေါင်းပါဝင်နေကြောင်း သိရသည်။

    အလားတူ ယနေ့ကျရောက်သော မွန်အမျိုးသမီးနေ့ အထိမ်းအမှတ်အခန်းအနားကို အခြားအဖွဲ့အစည်းများကလည်း သက်ဆိုင်ရာ ဒေသအသီးသီးတွင် ကျင်းပနေကြောင်း သိရသည်။

    မွန်ဘုရင်မကြီး ရှင်စောပု၏ မွေးနေ့ဖြစ်သော တပေါင်းလဆန်း (၁၂) ရက်နေ့ကို မွန်အမျိုးသမီးများနေ့အဖြင့် သတ်မှတ်ပြီး မွန်အမျိုးသမီးများနေ့ အခန်းအနားကို မော်လမြိုင်မြို့ရှိ ပိုင်ခေတ်ခန်းမတွင် မွန်အမျိုးသမီးကွန်ယက်က ဦးဆောင် ကျင်းပခဲ့သည်။

    မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော မွန်ဘုရင်မ ရှင်စောပုသည် မွန်ဘုရင် ရာဇာဓိရာဇ်၏ သမီးတော်ဖြစ်ပြီး မြန်မာသက္ကရာဇ် ၇၇၅ ခုနှစ် တပေါင်းလဆန်း (၁၂) ရက်နေ့၌ ဟံသာဝတီနေပြည်တော်တွင် မွေးဖွားခဲ့သည်။

    Caption: မွန်အမျိုးသမီးများနေ့ အခန်းအနား

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks