spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အတွင်း ဆန်နှင့် ဆီ ဈေးနှုန်းများ မြင့်တက်လာ

    မွန်ပြည်နယ်အတွင်း ဆန်နှင့် ဆီ ဈေးနှုန်းများ မြင့်တက်လာ

    -

    မွန်သတင်းအေဂျင်စီ၊ (၂၀၂၂ ဖေဖော်ဝါရီ ၁၈)

    မွန်ပြည်နယ်အတွင်း ယခုနှစ် ဇန်နဝါရီလလယ်မှ စတင်ကာ အခြေခံစားသောက်ကုန်များ ဖြစ်သော ဆန်နှင့် ဆီ ဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း လက်လီလက္ကား ရောင်းချနေသူများထံက သိရသည်။

    ဇန်နဝါရီလ ၁၅ ရက်က ပေါ်ဆန်း တစ်အိတ် ၃၅၅၀၀ ကျပ်၊ ဧည့်မထ တစ်အိတ် ၂၅၀၀၀ ကျပ် ပေါက်ဈေးရှိခဲ့ပြီး စားအုန်းဆီ တစ်ပိဿာ ၄၅၀၀ကျပ် ဈေးရှိခဲ့ကြောင်း မော်လမြိုင်မြို့ ဈေးကြိုရပ်မှ ဆန်၊ ဆီနှင့် ကြက်သွန် လက်လီလက္ကားရောင်းဝယ်နေသူ တစ်ဦးက ပြောသည်။

    “စားအုန်းဆီဈေးကတော့ ဆက်တိုက်တက်တယ်။ စားအုန်းဆီဈေး ဝယ်လိုအားများပြီး ဈေးလည်းတက်နေတယ်။ ဆန်တွေလည်းတက်တယ်။ အဓိကက သယ်ယူပို့ဆောင်ခ စရိတ်ပေါ့။ ကားခတွေ သယ်ယူပို့ဆောင်ခတွေ ဈေး‌တက်တော့ အကုန်လိုက်တက်ကုန်တယ်”ဟု ၎င်းက ပြောသည်။

    ဖေဖော်ဝါရီလ ပထမအပတ်တွင် ပေါ်ဆန်း တစ်အိတ် ၃၉၅၀၀ ကျပ်၊ ဧည့်မထ တစ်အိတ် ၂၆၈၀၀ ကျပ် ပေါက်ဈေးရှိခဲ့ပြီး စားအုန်းဆီ တစ်ပိဿာ ၅၀၀၀ကျပ် ဈေးတက်လာခဲ့ကြောင်း သိရသည်။

    ယမန်နေ့ (ဖေဖော်ဝါရီ ၁၇ ရက်)တွင် ပေါ်ဆန်း တစ်အိတ် ၄၁၀၀၀ ကျပ်၊ ဧည့်မထ တစ်အိတ် ၂၇၅၀၀ ကျပ် ပေါက်ဈေးရှိခဲ့ပြီး စားအုန်းဆီ တစ်ပိဿာ ၅၄၅၀ကျပ် ထိ ဈေးတက်လာခဲ့သည်။

    ထို့ပြင် ထိုင်းနိုင်ငံမှ ဝင်ရောက်လာသော ဆီဗူးများလည်း ယခင်ဈေးနှုန်းထက် ဈေးမြင့်တက်လာခဲ့ကြောင်း မော်လမြိုင်မြို့ သီရီမြိုင်ရပ်ကွက်မှ ကုန်စုံရောင်းချနေသူ တစ်ဦးက ပြောသည်။

    “ထိုင်းက ဝင်တဲ့ပစ္စည်းတွေကတော့ အကုန်ဈေးတက်တယ်။ ဆီဗူးဆို အရင်က ၁၈၀၀၊ အခု ၃၇၀၀ ဈေးကတော့ ထက်ဝက်လောက်ကို တက်တယ်။ ဝယ်လိုအားက အရမ်းကြီး မတက်လာသေးဘူး။ ကုန်ဈေးတွေက အရင်တက်နေတာ”ဟု ၎င်းက ပြောသည်။

    ကုန်ဈေးနှုန်းများ မြင့်တက်လာသော်လည်း ပုံမှန်ဝင်ငွေရရှိသော အလုပ်အကိုင် အခွင့်အရေး နည်းပါးနေသောကြောင့် အခြေခံလူတန်းစား မိသားစုများ၏ စားဝတ်နေရေး အခက်အခဲ ပြသာနာ ပိုများလာကြောင်း သိရသည်။

    Caption: ကုန်စုံဆိုင်တစ်ခု စားသုံးကုန်များကို ခင်းကျင်းထားစဉ်(Internet) 

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks