spot_img
Wednesday, January 28, 2026
More
    spot_img
    HomeCovid 19စာမေးပွဲအောင်မြင်စွာ ဖြေဆိုနိုင်ရေး အားလုံးပူးပေါင်းပါဝင်ရန်လိုအပ်ဟု ဆို

    စာမေးပွဲအောင်မြင်စွာ ဖြေဆိုနိုင်ရေး အားလုံးပူးပေါင်းပါဝင်ရန်လိုအပ်ဟု ဆို

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဖေဖော်ဝါရီ ၁၇)

    မွန်ပြည်နယ်အတွင်း အခြေခံပညာကျောင်းများတွင် တက်ရောက်နေသော ကျောင်းသူ၊ ကျောင်းသားများ ယခုနှစ် စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုနိုင်ရန်အတွက် မိဘ၊ ကျောင်းသားနှင့် ဆရာများ အားလုံးပူးပေါင်း ပါဝင်ရန် လိုအပ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

    တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့် ကျောင်းသူ၊ ကျောင်းသားများ အောင်မြင်စွာ ဖြေဆိုနိုင်ရန်အတွက်လည်း ပူးပေါင်းကူညီရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

    “ကျောင်းတွေကတော့ သင်ကြားရေးပိုင်းတွေကို အားစိုက်သင်ကြားပေးတယ်။ ပြန်လည် လေ့ကျင့်ရေး အပိုင်းတွေမှာ အိမ်မှာ သေချာပြန်လေ့လာ လေ့ကျင့်နိုင်ဖို့က မိဘတွေက ပူးပေါင်းပါဝင် ကူညီပေးဖို့ လိုအပ်ပါတယ်”ဟု ၎င်းက ပြောသည်။

    သင်ရိုးညွှန်တမ်းများ ပြီးဆုံးသည်အထိ သင်ကြားနိုင်ရန်အတွက်လည်း တစ်ပတ်မှာ ခြောက်ရက် အချိန်ပိုယူကာ သင်ကြားပေးနေကြောင်း၊ ကိုဗစ်ကူးစက်မှုများလည်း ရှိလာသည့်အတွက် အိမ်တွင် နေထိုင်နေစဉ်အတွင်း ပြန်လည်လေ့ကျင့် သင်ကြားနိုင်ရန်အတွက် မိဘများလည်း ပူးပေါင်းပါဝင်စေလိုကြောင်း ၎င်းက ဆက်ပြောသည်။  

    လက်ရှိတွင် မွန်ပြည်နယ်အတွင်းက ချောင်းဆုံ၊ မော်လမြိုင်၊ သံဖြူဇရပ်၊ သထုံ နှင့် ကျိုက်ထို မြို့နယ်ရှိ အခြေခံပညာကျောင်းတစ်ချို့တွင် ကိုဗစ်ကူးစက်မှုများ တွေ့ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

    မော်လမြိုင်မြို့ ဇေယျာ ၂ ရပ်ကွက်မှ ကျောင်းသားမိခင် တစ်ဦးက “စာမေးပွဲပြီးသွားဖို့ကိုပဲ ဂရုစိုက် ပေး‌နေရတယ်။ ရောဂါတွေလည်း ပြန်ဖြစ်လာတယ်တော့ စိတ်ပူတယ်။ ဒါပေမယ့် ဒီတစ်နှစ်တော့ အောင်အောင်မြင်မြင်နဲ့ ပြီးသွားစေချင်တယ်။ အဲဒါကြောင့် အစစအရာရာ ဂရုစိုက်ပေးနေတယ်။ စာမေးပွဲကိုတော့ ကောင်းကောင်းမွန်မွန်လေး ဖြေပြီးသွားစေချင်တယ်”ဟု ပြောသည်။

    အခြေခံပညာ အတန်းတင် စာမေးပွဲများကို လာမည့် မတ်လ ၁၇ ရက်မှ စတင်ကာ ဖြေဆိုရမည် ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို လာမည့် မတ်လ ၃၁ ရက်မှ ဧပြီလ ၉ရက်အထိ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

    လာမည့် မတ် ၃၁ ရက် ကြာသပတေးနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ မြန်မာစာ၊ ဧပြီ ၁ ရက် သောကြာနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ အင်္ဂလိပ်စာ၊ ဧပြီ ၂ ရက် စနေနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ သချာင်္ဘာသာ ဖြေဆိုမည်ဖြစ်ပြီး ဧပြီ ၃ ရက် တနင်္ဂနွေနေ့အား ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း၊ ဆက်လက်ပြီး ဧပြီ ၄ ရက် တနင်္လာနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ဓာတုဗေဒ၊ ဧပြီ ၅ ရက် အင်္ဂါနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ရူပဗေဒ၊ ဧပြီ ၆ ရက် ဗုဒ္ဓဘူးနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ဇီဝဗေဒ/ ဘောဂဗေဒ၊ ဧပြီ ၇ ရက် ကြာသပေးနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ပထဝီဝင်၊ ဧပြီ ၈ ရက် သောကြာနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ သမိုင်း၊ ဧပြီ ၉ ရက် စနေနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ စိတ်ကြိုက်မြန်မာစာ စသည်ဖြင့် အသီးသီးဖြေဆိုရမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

    မွန်ပြည်နယ်တဝန်းတွင် စာသင်ကျောင်းပေါင်း ၁၅၀၀ ကျော်ရှိပြီး ပုံမှန်အားဖြင့် ကျောင်းသူ၊ ကျောင်းသား ဦးရေ ၄ သိန်း ကျော်ရှိသည့်အနက် အထက်တန်းတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသား ၁ သိန်းကျော်ရှိသည်။

    မွန်ပြည်နယ် စာစစ်ဌာန ၆၆ ခု ၌ ၂၀၂၀ ခုနှစ်က တတက္ကသိုလ်ဝင်တန်း ဖြေဆိုရန် လျှောက်ထားသူ ၃၂၅၂၀ ဦး ရှိခဲ့သော်လည်း ယခုနှစ် (၂၀၂၂ ခုနှစ်) တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုရန် လျောက်ထားသူ ၁ သောင်း ၂ ထောင် ကျော်သာရှိသည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

    ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံတဝန်းကပ်ရောဂါကြောင့် ကျောင်းတစ်နှစ် ကျောင်းမတက်ခဲ့ကြရသလို ယမန်နှစ်တွင်လည်း အာဏာသိမ်းမှုကြောင့် စာသင်ကျောင်းအတော်များများ ပိတ်ထားခဲ့ရပြီး ယခုအထိ စာသင်ကျောင်းများ ပုံမှန်မလည်ပတ်နိုင်သေးကြောင်း တွေ့ရှိနေရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks