spot_img
Wednesday, January 28, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးStakeholder သစ်များပေါ်ထွက်လာသဖြင့် နိုင်ငံရေးဆွေးနွေးမှု အခင်းအကျင်းသစ်တရပ်ရပ်ကို တောင်းဆိုလျက်ရှိကြောင်း မွန်ပြည်သစ်ပါတီ NMSP သဘောထားထုတ်ပြန်

    Stakeholder သစ်များပေါ်ထွက်လာသဖြင့် နိုင်ငံရေးဆွေးနွေးမှု အခင်းအကျင်းသစ်တရပ်ရပ်ကို တောင်းဆိုလျက်ရှိကြောင်း မွန်ပြည်သစ်ပါတီ NMSP သဘောထားထုတ်ပြန်

    -

    မွန်သတင်းအေဂျင်စီ (၁၆ ဖေ ၂၀၂၂)

    ယနေ့နိုင်ငံရေးပြဿနာသည် အနေအထားသစ်တစ်ရပ်သို့ ရွေ့လျားပြောင်းလဲရောက်ရှိနေပြီး Stakeholder အစုအဖွဲ့သစ်များ နိုင်ငံအနှံ့ ကျယ်ပြန့်စွာပေါ်ထွက်လာသဖြင့် နိုင်ငံရေးဆွေးနွေးမှုပုံစံ အခင်းအကျင်းသစ်တရပ်ရပ်ကို တောင်းဆိုလျက်ရှိကြောင်း ယနေ့ဖေဖော်ဝါရီ (၁၆) ရက် ၇၅ ကြိမ်မြောက် စိန်ရတု မွန်အမျိုးသားနေ့တွင် မွန်ပြည်သစ်ပါတီ NMSP သဘောထားထုတ်ပြန်လိုက်သည်။

    ထို့အတူ လက်ရှိထူးခြားနေသည့်နိုင်ငံရေးအခြေအနေတွင် မိမိတို့၏ရည်မှန်းချက်အောင်မြင်ရေးအတွက် တိုင်းရင်းသားအင်အားစုများ၊ အာဏာရှင်ကိုဆန့်ကျင်နေသော ဒီမိုကရေစီအင်အားစုများနှင့်အတူ မွန်တမျိုးသားလုံးစည်းလုံးညီညွတ်စွာ ပြင်ဆင်၍ ကြိုးပမ်းတိုက်ပွဲဝင်သွားရန် တိုက်တွန်းအပ်ပါကြောင်း မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာ ပေးပို့သော မွန်အမျိုးသားနေ့သဝဏ်လွှာတွင် ဖော်ပြသည်။

    သို့ရာတွင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်သော်လည်း လက်ရှိအချိန်တွင် လက်နက်ကိုင်တိုက်ပွဲသဏ္ဍာန် အရှိန်အဟုန်မြင့်တက်နေသောကြောင့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရန် အလားအလာအားနည်းနေသေးကြောင်း မွန်ပြည်သစ်ပါတီက ဆိုသည်။

    မွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင် ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဗညားလယ်က “အခုဆိုရင် Stakeholder အသစ်တွေပေါ်ထွက်လာပြီ NUG တို့ ဒေသအသီးသီးက PDF တွေပေါ်လာပြီ ဒီလိုပေါ်ပေါက်လာတဲ့အနေအထားမှာ စစ်ကောင်စီလို့ပဲပြောပြော အာဏာရယူထားတဲ့အစိုးရလို့ပဲဆိုဆို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ချည်းပဲ ဆွေးနွေးသွားရင် အရင်ကလို ပြေလည်မှုရနိုင်တော့မှာ မဟုတ်ပါဘူး၊ နိင်ငံရေးဆွေးနွေးပွဲ အခင်းအကျင်းတွေကလည်း အရင်လိုနည်းလမ်းဟောင်းတွေနဲ့ သွားလို့မဖြစ်နိုင်တော့ပါဘူး၊ ပုံစံအသစ်ဖြစ်သွားပါပြီ အခုလိုပုံစံ အခင်းအကျင်းသစ်မှာက သက်ဆိုင်သူအားလုံး ပါဝင်ပြီးဆွေးနွေးမှလည်း ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေ အားလုံးပြေလည်နိုင်ပါလိမ့်မယ်၊ ဟိုအဖွဲ့မပါရ ဒီအဖွဲ့ကိုချန်ထားလိုက်မယ်ဆိုနေရင်တော့ ကျနော်တို့နိုင်ငံရဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ဘယ်တော့မှလည်းရနိုင်လိမ့်မယ်မဟုတ်ဘူးလို့ မြင်မိတယ်”ဟု မွန်သတင်းအေဂျင်စီအင်တာဗျူးတွင် ပြောကြားခဲ့သည်။

    မြန်မာ့နိုင်ငံရေးကို အာစီယံ ASEAN ၏ ဘုံသဘောတူညီချက် ၅ ရပ်ဖြင့် ဖြေလျော့နိုင်ရန် အမေရိကန်၊ တရုပ်၊ EU ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂနှင့် အချို့သောနိုင်ငံများက ရပ်တည်ထောက်ခံအားပေးခဲ့သော်လည်း အကောင်အထည်မပေါ်ခဲ့သေးဟု မွန်ပြည်သစ်ပါတီက ထောက်ပြထားသည်။

    ထို့အတူ မွန်ပြည်သစ်ပါတီအနေဖြင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်အပေါ် အခိုင်အမာရပ်တည်လျက်ရှိပြီး တဖက်မှာလည်း နိုင်ငံရေးဆွေးနွေးရေးအရ ဆွေးနွေးအဖြေရှာမှုများအတွက်လည်း တံခါးဖွင့်ထားမည်ဟု ဆိုသည်။

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ၏ အနှစ်သာရကိုဆုပ်ကိုင်ထားပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာအဖြေရှာရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွင် သက်ဆိုင်သူအားလုံး ပါဝင်ရေး၊ အရပ်သားများကို အကာအကွယ်ပေးရေးအချက်များကို ခိုင်မာစွာဆုပ်ကိုင်ပြီး ဘဝတူတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲ၍ နိုင်ငံရေးဆိုင်ရာကိစ္စရပ်များကို ရှေ့ဆက်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

    စိန်ရတု မွန်အမျိုးသားနေ့အခမ်းအနားများကို ယနေ့နံနက်စောစောပိုင်းက မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်တွင် ဘင်ခရာ စစ်ကြောင်း ဂုဏ်ပြုတပ်ဖွဲ့အလံတင်အခမ်းအနားဖြင့်လည်းကောင်း၊ မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသ မော်လမြိုင်၊ သထုံ၊ ထားဝယ်ခရိုင်ဒေသများနှင့် ဘုရားသုံးဆူအုပ်ချုပ်ရေးဒေသတွင်လည်းကောင်း အခမ်းအနားများ ကျင်းပခဲ့ကြောင်း သိရသည်။ ထို့အတူ မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို မော်လမြိုင်မြို့ ရာမညရဌ ဗုဒ္ၶတက္ကသိုလ်တွင်လည်းကောင်း ယနေ့နံနက်စောစောပိုင်းတွင် ဘင်ခရာဖြင့် အလံတင်အခမ်းအနားကျင်းပသည့်အပြင် ရန်ကုန်နှင့် မြို့နယ်ကျေးရွာအသီးသီးတို့တွင်လည်း ယဥ်ကျေးမှုအကပဒေသာများ၊ ဟောပြောပွဲအခမ်းအနားများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း Online များတွင် တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks