spot_img
Wednesday, January 28, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးငြိမ်းချမ်းရေးအတွက် နိုင်ငံရေးပြဿနာများ ဖြေရှင်းသွားကြရန် စိန်ရတု မွန်အမျိုးသားနေ့ဗဟို သဘာပတိတိုက်တွန်း

    ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးပြဿနာများ ဖြေရှင်းသွားကြရန် စိန်ရတု မွန်အမျိုးသားနေ့ဗဟို သဘာပတိတိုက်တွန်း

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဖေဖော်ဝါရီ ၁၆)

    ပါတီအစုအဖွဲ့တို့အနေဖြင့် မိမိတို့အကျိုးစီးပွားတစ်ခုတည်း မကြည့်ဘဲ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးပြဿနာများ ဖြေရှင်းသွားရန် ယနေ့ကျင်းပသော (၇၅) ကြိမ်မြောက် စိန်ရတုသဘင် မွန်အမျိုးသားနေ့ဗဟို သဘာပတိက တိုက်တွန်းပြောကြားလိုက်သည်။

    မွန်အမျိုးသားနေ့ ဗဟို အခန်းအနားကို ယနေ့နံနက်စောစောပိုင်းက မော်လမြိုင်မြို့ ရာမညရဋ္ဌဗုဒ္ဓတက္ကသိုလ်၌ ကျင်းပခဲ့ရာတွင် လက်ရှိမွန်ပြည်နယ်အစိုးအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ကရင်၊ ပအိုဝ်း စသောတိုင်းရင်းသားကိုယ်စားလှယ်အပါအဝင် လူထုထောင်ချီတက်ရောက်ခဲ့ကြောင်း တွေ့ရှိရသည်။

    သဘာပတိ ဒေါက်တာမင်းကြည်ဝင်းက “လက်ရှိကာလက နိုင်ငံအတွင်းမှာ မဖြစ်မနေ လုပ်ဆောင်ရမယ့် အရေးကြီးဆုံးဖြေရှင်းရမှာက နိုင်ငံရေးပြဿနာပါ၊ ဒါက နိုင်ငံတော်အတွက် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ပါ။ ငြိမ်းချမ်းရေးဆိုတာက ဒီနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသားအားလုံး အပေးအယူမျှတစွာနဲ့ ဆွေးနွေးညှိနှိုင်ပြီး ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ငြိမ်းချမ်းတဲ့နိုင်ငံ တည်ဆောက်သွားဖို့ပါ။ ဒီလိုတည်ဆောက်နိုင်ဖို့ အစုဖွဲ့တစ်ခုစီရဲ့ အကျိုးစီးပွား၊ ပါတီတစ်ခုစီရဲ့ အကျိုးစီးပွားတစ်ခုတည်း မကြည့်ဘဲနဲ့ တိုင်းရင်းသားအားလုံးရဲ့ အကျိုးစီးပွားကို ရည်သန်ပြီး နိုင်ငံရဲ့ အကျိုးစီးပွားအတွက် ရည်ရွယ်ပြီး သက်ဆိုင်သူတွေအားလုံး အဖြစ်နိုင်ဆုံးအနေအထားနဲ့ ပူးပေါင်းအဖြေရှာပြီး အတူတကွအကောင်အထည်ဖော်သွားကြပါ” ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ထို့အတူ မွန်အမျိုးသားနေ့ ဗဟိုအခန်းအနားသို့ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး စောအောင်မြင့်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ၏ နိုင်ဟံသာနှင့် မွန်ညီညွတ်ရေးပါတီ၏ ဗဟိုအလုပ်မှုဆောင်မှ ပေးပို့လာသော သဝဏ်လွှာများကိုလည်း ဖတ်ကြားခဲ့သည်။

    တိုင်းရင်းသားများအနေဖြင့် ရရှိသည့် အခွင်းအရေးများကို လက်တွေ့အသုံးချပြီး ပြည်ထောင်စုငြိမ်းချမ်းရေး၊ တိုင်းရင်းသားများအတွက် မရှိမဖြစ်လိုအပ်နေသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းပြည်အေးချမ်းသာယာရေးတို့ကို ဆောင်ရွက်ရန်လည်း ပြည်ထောင်စုဝန်ကြီး သဝဏ်လွှာတွင် ဖော်ပြထားသည်။

    မွန်အမျိုးသားနေ့အထိမ်းအမှတ်ဖြင့် (၇၅) ပါးသော သံဃာတော်များကို အာရုံဆွမ်း ဆက်ကပ်လှူဒါန်းပြီး မွန်အမျိုးသားအလံတော် အလေးပြုခြင်း၊ ကျဆုံးသွားသော မွန်မျိုးချစ်အာဇာနည်သူရဲကောင်းးများကို အလေးပြုခြင်းနှင့် မိန့်ခွန်းပြောကြားခြင်း အစီစဉ်တို့ ပါဝင်သည်။

    ယခုနစ် မွန်အမျိုးသားနေ့ စိန်ရတုအခမ်းအနားများကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားအနီးနှင့် ပဲခူးမြို့ ရွှေမော်ဓေါဘုရားအနီးရှိ မွန်အမျိုးသားဓမ္မာရုံများတွင်ကျင်းပခဲ့ပြီး မော်လမြိုင်၊ ကျိုက်မရော၊ ဘီလူးကျွန်း-ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်နှင့်ရေးတို့တွင် မြို့နယ်အဆင့်၊ ကော့ကရိတ်မြို့နယ်အပါဝင် ဘုရားသုံးဆူမြို့၊ လမိုင်းမြို့၊ ခေါဇာမြို့နှင့် ကျေးရွာအသီးသီးတို့တွင် ပျော်ပွဲရွှင်ပွဲ ယဥ်ကျေးမှုအကပဒေသာများဖြင့်လည်းကောင်း၊ ဘင်ခရာစစ်ကြောင်း အခမ်းအနားချီတက်၍ လည်းကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

    သမလ ဝိမလ ညီနောင်မင်းနှစ်ပါး ဟံသာဝတီ ဗဂိုးနေပြည်တော် တည်ထောင်ခဲ့သော တပို့တွဲလပြည့်ကျော် (၁) ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ်ကျင်းပခဲ့ရာ ယခုနှစ်အတွက် ဖေဖေါ်ဝါရီ ၁၆ ရက်နေ့တွင် ကျရောက်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks