မွန်သတင်းအေဂျင်စီ (၂၀၂၂ ဖေဖော်ဝါရီ ၁၄)
မွန်ပြည်နယ်တွင် ကိုဗစ် – ၁၉ ရောဂါကို စာသင်ကျောင်းနှင့် ရပ်ကွက်အချို့တွင် အစုလိုက်အပြုံလိုက် ကူးစက်မှု နေ့စဥ်တွေ့ရှိလာပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကိုဗစ်အတည်ပြုလူနာ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအသင်းများထံမှသိရသည်။
သေဆုံးသူမှာ ကျိုက်မရောမြို့နယ် ရန်ကြီးအောင် ၅ ရပ်ကွက်မှ သက်ကြီးကိုဗစ်အတည်ပြုလူနာ မွတ်စလင်အမျိုးသားတစ်ဦးဖြစ်ကြောင်း လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ပိုးတွေ အစုလိုက်တွေ့ထားတဲ့ ရန်ကြီးအောင် ၅ ရပ်ကွက်က သက်ကြီးကိုဗစ်လူနာပါ။ မွတ်စလင်လူမျိုးပါ။ မနေ့ကပဲ မိသားစုကိုအကြောင်းကြားပြီး ရိုးရာအတိုင်းသဂြိုလ်လိုက်ပါတယ်”ဟု ၎င်းက ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အတွက် ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် ကိုဗစ် – ၁၉ အတည်ပြုလူနာ ၅၄ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
ကျိုက်မရောမြို့နယ် ရန်ကြီးအောင်ရပ်ကွက်နှင့် အထက်တန်းကျောင်းမှ ကိုဗစ်အတည်ပြုလူနာများ အစုလိုက်အပြုံလိုက် နေ့စဥ်ကူးစက်မှုများ တွေ့ရှိနေပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့က ပိုးတွေ့လူနာ ၈ ဦးခန့် ဆေးရုံမှ ဆင်းနိုင်ခဲ့ကြောင်း သိရသည်။
နစကကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၁၃ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ ဓါတ်ခွဲအတည်ပြုလူနာသစ် (၁၄၇၃) ဦး တွေ့ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိမှုနှုန်း (၇.၀၆) ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ခဲ့သည်။