spot_img
Wednesday, January 28, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးတခြားလူမျိုးများနှင့်အတူတကွယှဥ်တွဲနေထိုင်ရေး မွန်လူငယ်မူဝါဒတွင်ထည့်သွင်းဖော်ပြရန် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌတိုက်တွန်းပြောဆို

    တခြားလူမျိုးများနှင့်အတူတကွယှဥ်တွဲနေထိုင်ရေး မွန်လူငယ်မူဝါဒတွင်ထည့်သွင်းဖော်ပြရန် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌတိုက်တွန်းပြောဆို

    -

    မွန်သတင်းအေဂျင်စီ (၂၇ ဇန် ၂၀၂၂)

    မွန်လူမျိုးတို့၏ လက်ရှိပကတိရုပ် ဖြစ်တည်နေမှုကို လေ့လာသုံးသပ်ကြပြီး တခြားလူမျိုးများနှင့် အတူတကွယှဥ်တွဲနေထိုင်ရေး မွန်လူငယ်မူဝါဒ၌ ထည့်သွင်းဖော်ပြသွားရန် မွန်ပြည်သစ်ပါတီ NMSP ဒုတိယ ဥက္ကဌ နိုင်အောင်မင်း ဒုတိယအကြိမ် မွန်လူငယ်များညီလာခံ သဘာပတိအဖွင့်မိန့်ခွန်းတွင် တိုက်တွန်းပြောဆိုခဲ့သည်။

    မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်အောင်မင်းက “လက်ရှိ ကျန်ရှိနေတဲ့အကျယ်အဝန်းထဲမှာ လူမျိုးတစ်မျိုးနဲ့တစ်မျိုး ဘယ်လိုအသိအမှတ်ပြုပြီး နေထိုင်သွားကြမှာလဲ မိမိတို့လူမျိုးတွေကလည်း ရပ်တည်နိုင်ဖို့ အများတကာလို တိုးတက်လာနိုင်ဖို့ ဒါမှမဟုတ် မိမိတို့အခုလိုပဲ ကြိတ်မှိတ်ခံရင်ဆိုင်ပြီး တခြားအဆင်ပြေတဲ့နေရာတွေမှာ ဆက်လို့သာရွှေ့ပြောင်းနေထိုင်နေကြမယ်ဆိုရင် ဒီနေရာမှာနည်းနည်းလေးပဲ ကျန်ရှိနေတော့တဲ့ မိမိတို့တတွေဟာ ခုနကဆရာတော်မိန့်ကြားခဲ့သလို မှေးမှိန်သွားဖို့ပဲရှိပါတော့တယ် ဒါက တကယ့်ကိုအရေးကြီးနေတဲ့ ကိစ္စဖြစ်တယ် အရေးကြီးတဲ့အတွက် လူငယ်မူဝါဒမှာ လူမှုရေးပဲဆိုဆို ဘယ်လိုပဲပြောပြော တခြားလူမျိုးတွေနဲ့ အဆင်ပြေလိုက်လျောညီထွေစွာ နေထိုင်သွားနိုင်ဖို့ မိမိတို့ အသိပညာနဲ့ဆင်ခြင်တတ်ရမယ် အတူတကွယှဥ်တွဲနေထိုင်ရေးကို နားလည်လက်ခံသဘောပေါက်တတ်ဖို့ အတူတကွဖွံ့ဖြိုးတိုးတက်လာရေးကို ကျနော်တို့ အများကြီး လေ့လာကြိုးပမ်းသွားရဦးမှာဖြစ်တယ်” ဟု ဆိုသည်။  

    မွန်လူငယ်များဆုံရပ် Mon Youth Forum-MYF ဦးစီး၍ မြို့နယ်အသီးသီးက မွန်လူငယ်ကိုယ်စားလှယ်များ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် မွန်ညီညွတ်ရေးပါတီ MUP ခေါင်းဆောင်အချို့နှင့် လူငယ်ကိုယ်စားလှယ်များ၊ မွန်ရဟန်းသံဃာတော်များနှင့် လူမှုအသင်းအဖွဲ့အသီးသီးက ကိုယ်စားလှယ် ၁၅၀ ကျော်နှင့် လေ့လာသူများ တက်ရောက်ကြသည့် ဒုတိယအကြိမ် မွန်လူငယ်များညီလာခံ “2nd Mon Youth Conference” ကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ကော့ကရိတ်မြို့နယ် မင်းရွာ-ကော့ဘိန်းကျေးရွာအကြား သထုံခရိုင်ဌာနချုပ်ရုံး၌ ဇန်နဝါရီ ၂၇ ရက်နေ့မှစတင်၍ ၃ ရက်ကြာ ကျင်းပလျက်ရှိသည်။

    “တချိန်ခေတ်အခါက ကျနော်တို့ မွန်တွေပိုင်စိုးခဲ့တဲ့ ဟရိပုဥ္စခတ် (ဒွါရဝတီ)တို့ ၉၆ မြို့ ဘာတို့ ၃၂ မြို့ ၃ နေရာတွေကိုပြန်ကြည့်ပြီး ကြည်နူးနေလို့မရတော့ပါဘူး လက်ရှိ မွန်ပြည်နယ်က ခရိုင် ၂ ခုကို ၄ ခုခွဲလုပ်သွားဖို့ မြေအကျယ်အဝန်းမှာ ဒါလောက်ဟာက ဒါလောက်ပါပဲ ပိုကျယ်ပြန့်လာတာမဟုတ်ပါဘူး အခု မွန် ၅၀ လောက်ရှိတယ်ဆိုပါစို့ ဗမာလူမျိုး ၅၀ လောက်ရှိတယ်၊ ပြီးတော့ ကရင်အများကြီး ပအိုဝ်းအများကြီး မူဆလင်အများကြီး လက်ရှိပကတိရုပ်အနေအထားရ ကျနော်တို့လူမျိုးအတွက် အဲဒီ ၂ ခရိုင်သတ်မှတ်ပေးထားမှုမှာ ကျနော်တို့နေထိုင်နေကြတာက ထက်ဝက်လောက်ပဲရှိပါတယ် မပြည့်ဘူးလို့လည်း ဆိုနိုင်ပါတယ် အဲဒီထက်ဝက်လောက်တောင် ရှိမနေတဲ့ဟာကို ရှေ့တွေမှာကျရင် အခုဒီကနေ့လူငယ်တွေရယ် အသက်တွေရှင်သန်ကျန်ရစ်ပြီး အမျိုးသားရေးအတွက် ဝိုင်းဝန်းကူညီပေးနေတဲ့လူတွေအဖို့ ကြီးမားတဲ့တာဝန်တွေကို ထမ်းဆောင်သွားရပါမယ် တခြားလူမျိုးတွေနဲ့ အတူတကွယှဥ်တွဲ နေထိုင်သွားရပါမယ်”ဟု နိုင်အောင်မင်းက  ဆိုသည်။

    ထို့အတူ မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်မျိုးတင့်လွင်၊ အထင်ကရမွန်ဆရာများ၊ လူငယ်ခေါင်းဆောင်များ မိန့်ခွန်းပြောကြားခြင်းနှင့် ဆွေးနွေးတင်ပြခဲ့ကြပြီး အခန်းအနားအစီအစဥ်အတိုင်း ပထမနေ့ကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း တွေ့ရသည်။

    ညီလာခံ ၃ ရက်တာအတွင်း မွန်လူငယ်မူဝါဒကို အတည်ပြုခြင်း၊ မွနိလူငယ်များဆုံရပ် MYF ပြန်လည်ဖွဲ့စည်းခြင်း နှင့် တာဝန်ယူမည် လူငယ်ခေါင်းဆောင်များကို တစ်ခါတည်း ရွေးချယ်ခြင်း၊ လူငယ်အချင်းချင်းကြား  ယုံကြည်မှု၊ စုပေါင်းခေါင်းဆောင်မှု လုပ်ငန်းစဉ်များကို ချမှတ်ခြင်းစသည့် အချက် ၃ ချက်ကို  ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

    ပထမအကြိမ် မွန်လူငယ် ညီလာခံကို ၂၀၁၄ ခုနှစ် မေလ ၁ ရက်မှ ၃ ရက်နေ့အထိ မော်လမြိုင်မြို့ သာသနာ ၂၅၀၀ မွန်သာသနာဗိမ္မာန်တော်၌ ကျင်းပပြုလုပ်ခဲ့ပြီး တနင်္သာရီ၊ ပဲခူး၊ ရန်ကုန်တိုင်း၊ ကရင် နှင့် မွန်ပြည်နယ်တို့မှ လူငယ် ကိုယ်စားလှယ် ၅၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သတင်းမှတ်တမ်းများက ဖော်ပြထားသည်။

    ထို့အတူ လက်ရှိ မွန်လက်နက်ကိုင်တော်လှန်ရေးတွင် မွန်လူငယ်များ ဝင်ရောက်တာဝန်ယူရေး လက်ရှိကျင်းပနေသည့် ညီလာခံအတွင်း တိုက်တွန်းပြောဆိုလျက်ရှိကြောင်း တွေ့ရသည်။

    မြန်မာ့လွတ်လပ်ရေးအကြိုခေတ် ၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့ ပထမဆုံးအကြိမ် မွန်လူငယ် နှီးနှောဖလှယ်ပွဲတရပ်ကို မော်လမြိုင်မြို့တွင် ကျင်းပခဲ့ပြီးနောက် လူငယ်အဖွဲ့အစည်းများ ကျေးရွာများအနှံ့ဖွဲ့စည်းလာကြပြီး မွန်လူငယ်များအနေဖြင့် ၁၉၄၈ ခုနှစ်မှစတင်၍ လက်ရှိကာလအထိ လက်နက်ကိုင် တော်လှန်ရေးဆင်နွှဲလျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks