Thursday, March 12, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးအသံတိတ်သပိတ်တွင် ပါဝင်သူများကို အရေးယူမည်ဟုဆို

    အသံတိတ်သပိတ်တွင် ပါဝင်သူများကို အရေးယူမည်ဟုဆို

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇန်နဝါရီ ၂၆)

    ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ပြုလုပ်မည့် အသံတိတ်သပိတ်တွင် ပါဝင်သူများကို ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)က ဇန်နဝါရီ ၂၅ ရက်မှာ သတင်းထုတ်ပြန် ခဲ့သည်။

    ဖေဖော်ဝါရီ ၁ ရက်တွင် “ပြည်တော်ဝင်ဖို့ ရုန်းကြစို့” ဆိုသည့် ကြွေးကြော်သံများနှင့် တစ်နေ့လုံး အသံတိတ်သပိတ် ပြုလုပ်ကြရန်နှင့် မွန်းလွဲပိုင်းတွင် လက်ခုပ်တီးကြရန်အတွက် ပြည်သူများကို တိုက်တွန်းနှိုးဆော်ထားခြင်း ဖြစ်သည်။

    နစက က” အသံဖြင့် ဖြစ်စေ၊ ပြုလုပ်မှုဖြင့် ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူ အနှောက်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါသည်” ဟု ထုတ်ပြန်ခဲ့သည်။

    ယင်းအပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    မွန်ပြည်နယ်အတွင်း မြို့နယ်တစ်ချို့တွင်လည်း အသံတိတ်သပိတ်တွင် ပါဝင်ပါက ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း၊ ရပ်ကွက်ဈေးအတွင်း လိုက်လံ သတိပေးနေကြောင်း သထုံမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

    “ဖေဖော်ဝါရီ ၁ ရက်နေ့ကျရင်လည်း ပုံမှန်အတိုင်း ဆိုင်တွေ ဖွင့်ဖို့၊ မပိတ်ထားဖို့ လိုက်ပြောနေတာပါ။ ပိတ်ထားမယ် သပိတ်မှာ ပါဝင်ကူညီမယ်ဆိုရင် တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်ဆိုပြီး ပြောသွားတယ်”ဟု ၎င်းက ပြောသည်။

    အဆိုပါ အသံတိတ်သပိတ်တွင် ပါဝင်ခြင်းမပြုရန်နှင့် ပါဝင်ပါက တရားဥပဒေအရ အရေးယူရန် ညွှန်ကြားထားကြောင်း မွန်ပြည်နယ်ရှိ ရဲအသိုင်းအဝိုင်းက ပြောသည်။

    ရဲတပ်ဖွဲ့မှူးတစ်ဦးက “နိုင်ငံပိုင်မီဒီယာတွေကနေလည်း ကြေငြာတယ်။ အဲဒီနေ့ကျရင် လုံခြုံရေးတွေတိုးမြှင့်မယ်။ ကင်းလှည့်တာကတော့ နေ့စဥ်အလုပ်ပေါ့။ မဖြစ်သင့်တာ မဖြစ်ရအောင် ကျွန်တော်တို့ဆောင်ရွက်ရမယ်၊ မလိုက်နာရင် အရေးယူဖို့လည်း မှာထားတယ်”ဟု ပြောသည်။

    ကျိုက်ထိုမြို့နယ်တွင်လည်း အရေးယူမည့်အ‌ကြောင်းကို ကျိုက်ထိုဈေးအတွင်း လိုက်လံ သတိပေးနေကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

    “ကျိုက်ထိုဈေးထဲမှာလည်း လိုက်ပြီး အသိပေးတာတွေ ရှိတယ်လို့ကြားတယ်။ သမီးတော့ မသိလိုက်ဘူး။ ရပ်ကွက်တွေထဲမှာ လိုက်ပြီး ဆော်ဩတာတော့ သိလိုက်တယ်။ ပါဝင်မယ်ဆိုရင် ဥပဒေအရ အရေးယူမယ်ဆိုပြီး ဥပဒေတွေကို ရွတ်ပြသွားတယ်”ဟု ၎င်းက ပြောသည်။

    တပ်မတော်မှ နိုင်ငံတော်အာဏာကို ရယူထားသည့် တစ်နှစ်ပြည့်နေ့တွင် တစ်နိုင်ငံလုံး အလုပ်မသွားခြင်း၊ ဆို င်ခန်းများ မဖွင့်ခြင်း၊ လမ်းပေါ်တွင် လူမရှိခြင်း စသည့် ပြယုဂ်များဖြင့် အသံတိတ်သပိတ်ကို ပြုလုပ်ရန် စီစဥ်နေကြကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မတ်လ ၂၄ ရက် နှင့် ဒီဇင်ဘာလ ၁၀ ရက်တို့တွင် အသံတိတ်သပိတ် (Silent Strike) ကို ပြုလုပ်ခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks