spot_img
Wednesday, January 28, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးဘုရားသုံးဆူ-သံဖြူဇရပ်လမ်းကြောင်း မော်တော်ကားများပုံမှန် သွားလာခြင်းမရှိသေး

    ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းကြောင်း မော်တော်ကားများပုံမှန် သွားလာခြင်းမရှိသေး

    -

    မွန်သတင်းအေဂျင်စီ(၂၆ ဇန် ၂၀၂၂)


    ထိုင်းနိုင်ငံနှင့်ထိစပ်နေသည့် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နှင့် သံဖြူဇရပ်မြို့သို့ ဆက်သွယ်ထားသည့် လမ်းကြောင်းကို ဇန်နဝါရီ ၂၄ ရက်နေ့က အာဏာပိုင်များ လမ်းကြောင်းပိတ်ထားပြီးနောက် ယမန်နေ့နေ့လည်ပိုင်းတွင် ပြန်ဖွင့်ပေးသည်ဆိုသော်လည်း မော်တော်ကားများ ပုံမှန်သွားလာခြင်းမရှိသေးကြောင်း သိရသည်။

    ထို့ပြင် ဘုရားသုံးဆူမြို့အဝင်အထွက် နဂါးတောင်အရှေ့ရှိ သင်းချိုင်းကုန်းဂိတ်ကိုလည်း ဇန်နဝါရီ ၂၅ ရက်နေ့ နံနက် ၆ နာရီမှ ၉ နာရီအထိ လုံခြုံရေးတပ်ဖွဲ့တို့ ဖြတ်သန်းသွားလာခွင့်မပြုသည့်အတွက်ဒေသခံများ သွားလာမရ ဈေးဝယ်မရဖြစ်ကာ စိတ်ကသိကအောက် ဖြစ်ခဲ့ရကြောင်း ကိုယ်ပိုင်တက္ကစီလိုင်းကား ပြေးဆွဲသူတစ်ဦးက ဆိုသည်။


    “စစ်တပ်က မြို့ကို မနက်ပိုင်းမှာ ပိတ်လိုက်တော့ အသွားအလာ ခဏရပ်သွားတာပေါ့၊ လောလောဆယ်ကတော့ ဘုရားသုံးဆူ – သံဖြူဇရပ်လမ်းကြောင်းက ပိတ်ထားသလို သတင်းပျံ့နေတယ်၊ ကားအသွားအလာမရှိတော့ဘူး။ မနေ့က တောင်စွန်းမှာ KNU ဝင်ပစ်တယ်၊ KNU ကဝင်ပစ်တော့ တပ်ကလည်း ပြန်ပစ်တယ်။ တောင်စွန်းက တပ်စခန်းချတဲ့နေရာ အဲမှာ အပစ်ခံရတယ်၊ နောက်တစ်ခုက ကြာအင်းဆိပ်ကြီးနဲ့ သုံးဆူလမ်းကြောင်းမှာလဲ မနေ့တုန်းက KNU ဆန်ရိက္ခာတင်တဲ့ ကားတွေကို တပ်က ခွင့်မပြုတော့ အဲမှာတိုက်ပွဲတစ်ခုဖြစ်ခဲ့တယ်” ဟု ပြောသည်။

    KNU တပ်မဟာ ၆ နှင့် မွန်ပြည်သစ်ပါတီ NMSP ထိန်းချုပ်နယ်မြေများအတွင်း ဘုရားသုံးဆူ – ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ – သံဖြူဇရပ်၊ ဘုရားသုံးဆူ – ရေး သို့ ဆက်သွယ်ထားသည့် လမ်းကြောင်း (၃) ကြောင်းရှိပြီး သံဖြူဇရပ်လမ်းကြောင်း တောင်စွန်း၌ တစ်ကြိမ်၊ ကြာအင်းဆိပ်ကြီးလမ်းကြောင်း မက္ကတောကျေးရွာ၌ တစ်ကြိမ် ဇန်နဝါရီ ၂၄ ရက်က စစ်တပ်နှင့် KNU တို့ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

    ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ပြည်တွင်းမှာ လာမည့်လမ်းကြောင်းများကို ပိတ်ဆို့မည်ဆိုသည့် သတင်းပျံ့လာပြီး‌နောက် ယခုကဲ့သို့ ပိတ်ထားလိုက်ခြင်း ဖြစ်နိုင်ကြောင်း ဘုရားသုံးဆူ ဒေသခံတစ်ဦးက ယူဆပြောဆိုသည်။

    ၄င်းက “ဘုရားသုံးဆူမှာ ဒီမနက် ၆ နာရီကနေ ၉ နာရီအထိ ၉ နာရီမထိုးခင် ၅ မိနစ်အထိ မြို့အဝင်အထွက်ကို ပိတ်ထားလိုက်တယ်။ တပ်က။ ပိတ်လိုက်တယ် ဒီမနက်၊ သူပုန်တွေကပဲ မြို့ဝင်သိမ်းမလိုလို ကောလဟာလသတင်းတွေကလည်း မြို့ထဲပျံ့နေတာ” ဟု ပြောသည်။

    ကော့ကရိတ်မြို့တောင်ပိုင်း ကျေးရွာများအတွင်း စစ်တပ်စစ်ကြောင်းများ ဝင်ရောက်လှုပ်ရှားလာမှုကြောင့် ထောင်နှင့်ချီသော ဒေသခံရွာသူရွာသားများမှာ ၎င်းတို့၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအားလုံးကို ထားပစ်ကာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ယခုအချိန် ၎င်းတို့စိုက်ပျိုးထားသည့် စပါး၊ မြေပဲ၊ ပြောင်းနှင့် နှမ်းများ ရိတ်သိမ်းချိန်တွင် စိုက်ခင်းအားလုံးကို ပစ်ထားရသည့်အပြင် နေအိမ်၌မွေးမြူထားသော အိမ်မွေး တိရိစ္ဆာန်များကိုလည်း လွှတ်ပစ်ထားရကြောင်း၊ ဇန်နဝါရီလ ၆ ရက်နေ့မှစ၍ စစ်တပ်စစ်ကြောင်းများ ဝင်ရောက်လာသည့်အတွက် ကော့နွဲ၊ မောင်းမ၊ အံဖကြီး၊ စက္ကဝက်၊ အစွန်း၊ ရွာတန်းရှည်နှင့် သုံးဆယ်သုံးဆူ ကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း ၂၇ ရွာမှ ဒေသခံလူထု တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကာ အခြေအနေစောင့်ကြည့်ရင်း တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းခိုလှုံနေကြရကြောင်း ကရင်သတင်းစဥ် KIC သတင်းတွင် ဖော်ပြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks