Tuesday, March 10, 2026
More
    spot_img
    Homeသတင်းပဲစိုက်တောင်သူများ ပိုးမွှားအန္တရာယ်နှင့် ရင်ဆိုင်နေရ

    ပဲစိုက်တောင်သူများ ပိုးမွှားအန္တရာယ်နှင့် ရင်ဆိုင်နေရ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇန်နဝါရီ ၂၄)

    မွန်ပြည်နယ်အတွင်း ဆောင်းသီးနှံ ပဲအမျိုးမျိုးစိုက်ပျိုးကြသည့် တောင်သူများ မော်လမြိုင်နှင့် ကျိုက်မရောမြို့နယ်တို့တွင် ပိုးမွှားကျရောက်မှု အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ပဲစိုက်တောင်သူများထံက သိရသည်။

    လက်ရှိ ဖြစ်ပေါ်နေသော ရာသီဥတုကြောင့် စိုက်ခင်းများတွင် ပိုးမွှားကျရောက်နေရခြင်း ဖြစ်ကြောင်း ကျိုက်မရောမြိူ့မှ လုပ်ငန်းရှင် တောင်သူ တစ်ဦးက ပြောသည်။

    “ရာသီဥတုက အေးတယ်။ မိုးအုံ့တယ်။ ‌နေရောင်ခြည် ကောင်းကောင်းရတယ်ဆိုလို့ရှိရင် အပင်က အစာချက်လိုက်တယ်လေ။ အခုက ရာသီဥတုက မိုးရွာတယ်။ အုံ့တယ်ဆိုတော့ ပိုးတွေ ကျလာတာပေါ့။ သိပ်အများကြီး ကူးတာတော့ မဖြစ်ကြသေးဘူး”ဟု ၎င်းက ပြောသည်။

    မွန်ပြည်နယ်အတွင်း အဓိက စိုက်ပျိုးသော ပဲတီစိမ်း (ရွှေဝါ)၊ မတ်ပဲ အပါအဝင် ဆောင်းသီးနှံပဲများတွင် ပဲပင်စည်ထိုးယင်၊ ရွက်လိပ်ရောဂါနှင့် မှိုရောဂါ ကျရောက်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

    သက်ဆိုင်ရာ ဌာနဆိုင်ရာများအနေဖြင့် တောင်သူများကို နည်းပညာအကူအညီနှင့် ပိုးသတ်ဆေး ဖျန်းနိုင်ရေး ကိစ္စရပ်များ ကူညီပံ့ပိုးပေးရန် လိုအပ်နေကြောင်း မော်လမြိုင်မြို့နယ်မှ မတ်ပဲစိုက်တောင်သူ တစ်ဦးက ပြောသည်။

    “စိုက်ပျိုးရေးနည်းပညာတို့ ပိုးသတ်ဆေးရောပဲ။ ဘယ်လိုအမျိုးအစားဆိုတာမျိုး အဲဒါတွေကို ကျွန်တော်တို့ကို ကူညီထောက်ပံ့ပေးစေချင်တယ်။ အခုက စိုက်ပျိုးရေးပစ္စည်းတွေက သိတဲ့အတိုင်း ဈေးတွေက တက်နေတုန်းပဲ”ဟု ပြောသည်။

    အပင်များ နေရောင်ခြည် လုံလုံလောက်လောက် မရရှိသေးသည့်အချိန်တွင် ဆောင်းသီးနှံပင်များကို ဆေးဖျန်းခြင်း၊ ဂရုတစိုက် စောင့်ကြည့်ခြင်းများ ပြုလုပ်ရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။

    မွန်ပြည်နယ်အတွင်း ဆောင်းရာသီ သီးနှံများကို ရေးမြိုနယ်မှ အပ ကျန်သည့် မြို့နယ် ၉ မြို့နယ်တွင် စိုက်ပျိုးကြကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks