spot_img
Saturday, September 13, 2025
More
    spot_img
    Homeငြိမ်းချမ်းရေး“ရွေးကောက်ပွဲက‌တော့ ကံသေကံမပြောလို့မရဘူး။ ဖြစ်ကောင်းမှ ဖြစ်လိမ့်မယ်” ဦးစိုင်းလိတ် SNLD

    “ရွေးကောက်ပွဲက‌တော့ ကံသေကံမပြောလို့မရဘူး။ ဖြစ်ကောင်းမှ ဖြစ်လိမ့်မယ်” ဦးစိုင်းလိတ် SNLD

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇန် ၁၈)

    လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းအပေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ် အား မွန်သတင်းအေဂျင်စီ ဆက်သွယ်မေးမြန်းခြင်း ဖြစ်သည်။  

    မေး။     လာမယ့်နှစ်မှာ ရွေးကောက်ပွဲမလုပ်နိုင်ဘူးဆိုရင်တော့ စစ်ကောင်စီဘက်က ၂၀၀၈ ကို ဖျက်ပြီးတော့ နောက်ထပ်အသစ်ရေးဆွဲဖို့ အချိန် ၅ နှစ်၊ ၁၀ လောက်ယူသွားနိုင်တယ်လို့ သူတို့ပဲ အဲလိုလုပ်သွားနိုင်တယ်ဆိုပြီးပြောတယ်။ ဒီအပေါ်မှာ အန်ကယ်စိုင်းလိတ်တို့ ဘယ်လိုသုံးသပ်မိလဲဗျ။

    မေး။     ဖွဲ့စည်းပုံအခြေခံဥပဒေကို အဲလောက်လွယ်လွယ်ကူကူဖျက်လို့၊ အသစ်ရေးလို့မရပါဘူးခင်ဗျ။ ကျ‌နော်တို့ အမြင်အရဆိုရင်တော့ စစ်ကောင်စီအနေနဲ့ ၂၀၂၃ ဩဂုတ်လမှာ ရွေးကောက်ပွဲလုပ်မယ်လို့ သူကြေညာထားပြီးဖြစ်တယ်။ ဒါပေမယ့် ရွေးကောက်ပွဲဖြစ်ဖို့ဆိုတာကတော့ ပြည်သူတွေရဲ့ ငြိမ်သက်မှု၊ အေးချမ်းတည်ငြိမ်မှုရှိဖို့လိုအပ်ပါတယ်။ အဲဒီအခြေအနေသူမဖန်တီးနိုင်ရင် ရွေးကောက်ပွဲကို လုပ်ဖို့ သူခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာ သူမှာ ၂၀၀၈ ဖွဲ့စည်းပုံအရ တစ်နှစ်ပဲ အာဏာရယူခွင့်ရှိတယ်။ နောက်ထပ် ၆ လ၊ ၆ လနှစ်ခါတိုးပြီးတော့ ၂ နှစ်ပေါ့နော်။ ၂ နှစ်ပြည့်ပြီးတဲ့နောက်မှာတောင်မှ သူက ဩဂုတ်လမှာ သွားပြီး ရွေးကောက်ပွဲလုပ်မယ်ဆိုတာက နောက်ထပ် ၆ လပိုနေပါတယ်။ အဲပိုနေတဲ့ ၆ လအတွက်ကတော့ သူ့မှာ ကြားဖြတ်အစိုးရလိုဟာမျိုးလုပ်မလား၊ တစ်ခုခုနဲ့ အစားထိုးပြီးတော့ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ကြံဆောင်သွားမယ့် အနေအထားလို့ ကျနော်တို့တွက်ပါတယ်ဗျ။ အဲဒီနည်းကသာလျှင် စစ်တပ်နဲ့ သူ့ရဲ့ proxy ပါတီတွေ ပေါင်းပြီးတော့ PR စနစ်အရ သူ ဆက်လက်နိုင်ငံရေးကနေ မထွက်ခွာပဲနဲ့ နိုင်ငံရေးကို အုပ်စီးမိအောင် ကြိုးပမ်းသွားမယ်လို့ ဒီလိုတွက်ပါတယ်ဗျ။

    မေး။     လက်ရှိအနေအထားအရ ပြည်တွင်းမှာ မငြိမ်မသက်မှုတွေ ဖြစ်နေတော့ သူတို့ လုပ်မယ့်‌ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ရင် ဘာတွေ ဖြစ်လာနိုင်လဲ။

    ဖြေ။      ရွေးကောက်ပွဲက‌တော့ ကံသေကံမပြောလို့မရဘူး။ ဖြစ်ကောင်းမှ ဖြစ်လိမ့်မယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာ ဥပမာ သူတို့ရဲ့ ပြောရေးဆိုခွင့် ပြောသွားတဲ့အတိုင်းဆိုလို့ရှိရင် စစ်ကိုင်းလိုဟာမျိုး၊ မကွေးတိုင်းလိုဟာမျိုး၊ တည်ငြိမ်မှုမရှိဘူး။ နောက်ကရင်နီပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ တည်ငြိမ်မှုမရှိဘူးဆိုပြီး ကွက်ပြီးပြောသွားတာရှိတယ်။ အဲတော့ နိုင်ငံရေးတည်ငြိမ်မှုမရှိဘူး။ ဒေသတည်ငြိမ်မှုမရှိဘူးဆိုတဲ့ တိုင်းနဲ့ ပြည်နယ်ချန်လှပ်ပြီးတော့ ရွေးကောက်ပွဲလုပ်သွားမယ်ဆိုပြီးတော့ အဲလိုလုပ်မယ်ဆိုရင်လည်း လုပ်နိုင်တာပဲလေ။ သဘောတစ်ခုကတော့ သူက ဥပဒေအရ အာဏာသိမ်းပိုင်ခွင့်က ၂ နှစ်ကျော်သွားရင် သူက တစ်ခြားနည်းတစ်ခုပြောင်းရလိမ့်မယ်။ သူ့မှာ အဲလိုမျိုး ပြောင်းနိုင်ဖို့ ဆိုလိုရှိရင် ရွေးကောက်ပွဲကို မဖြစ်မနေကြိုးပမ်းရလိမ့်မယ်။ ကွက်ပြီးပဲလုပ်လုပ်ပေါ့နော်။ လုပ်နိုင်သလောက်လုပ်ပြီးတော့ တရားဝင်မှုရအောင် သူဆက်ပြီး ကြိုးပမ်းသွားမှာပဲ။ ဒါပေမယ့် လူထုအနေနဲ့ လက်ခံတာ၊ မခံတာ၊ ခုခံတာ၊ မခုခံတာကြတော့လည်း ဒါက ဖြစ်ပေါ်လာမယ့် အခြေအနေပေါ်အများကြီးမူတည်တာပေါ့။ ကျနော်တို့က ဒီလိုပဲ တွက်တယ်။ ချင့်တွက်မိပါတယ်ဗျ။

    မေး။     အခုလက်ရှိ နိုင်ငံရေးပါတီအချို့နဲ့ သူတို့ဖွဲ့ထားတဲ့ UEC နဲ့ ပေါင်းပြီးတော့ PR စနစ်တွေ ဆွေးနွေးနေကြတာရှိတယ်ပေါ့။ တချို့ သုံးသပ်သူတွေက ပြောတယ်။ စစ်တပ်ပဲ ရှေ့ဆက်အာဏာရဖို့၊ လက်ရှိအနေအထားအရ ၂၅ ရာခိုင်နှုန်းယူထားတော့ သူပဲ အစိုးရဖွဲ့နိုင်ဖို့လုပ်တယ်ဆိုပြီးပြောတယ်။ ဒီအပေါ်မှာရော အန်ကယ်စိုင်းလိတ်တို့ ဘယ်လိုမြင်မိလဲဗျ။

    ဖြေ။      ဒါကတော့ သေချာပါတယ် စစ်တပ်အနေနဲ့ နိုင်ငံရေးကနေ မထွက်ခွာရအောင် သူ့ရဲ့ အကျိုးစီးပွားကို ဆက်လက်ပြီးတော့မှ ဆုပ်ကိုင်နိုင်အောင် သူထပ်ပြီးကြိုးပမ်းတဲ့ ခြေလှမ်းတစ်ရပ်ပဲဖြစ်တယ်။ ဒီ PR စနစ်ဟာ ဦးသိန်းစိန်လက်ထက်မကုန်ခင်လေးမှာ ၂၀၁၆ ဇန်နဝါရီလလောက်မှာ PR ကျင့်သုံးဖို့အတွက် တိုင်းရင်းသားပါတီတွေနဲ့ NLD က ပုဂ္ဂိုလ်တွေ ပေါင်းပြီးတော့ တင်ခဲ့ဖူးတယ်။ အဲတုန်းက‌တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး ဆုံးဖြတ်ပြီးပြီ။ ဒါ ၂၀၀၈ နဲ့ မကိုင်ညီဘူးပေါ့။ အခုတော့ စစ်တပ်ကနေပြီးတော့ PR စနစ်ကို ကျင့်သုံးမယ်ဆိုတာက ၂၀၀၈ ကို ဆုပ်ကိုင်ထားတဲ့ သူတို့ ကိုယ်တိုင်က ၂၀၀၈ ကို ပြန်ပြီးတော့မှ ဒါဖီလာဆန့်ကျင်လုပ်နေတယ်လို့ ကျနော်တို့ ပြောလို့ရတယ်။ ဆို‌တော့ အာဏာရရေးအတွက်ဆိုရင် ဘယ်လိုပုံနည်းနဲ့ပဲ လုပ်ရလုပ်ရ လုပ်မယ်ဆိုတဲ့ သဘောမျိုးကို သွားတွေ့ပါတယ်ခင်ဗျ။

    မေး။     ရွေးကောက်ပွဲကျင်းပနိုင်ခြင်း ရှိ/မရှိနဲ့ ပတ်သက်ပြီး အန်ကယ်စိုင်းလိတ်အနေနဲ့ ဘာမျှ ဖြည့်စွက်ပြောကြားလိုလဲဗျ။

    ဖြေ။      နိုင်ငံရေးတည်ငြိမ်မှုမရှိဘူး။ လူထုလက်မခံဘူးဆိုလို့ရှိရင်တော့ ရွေးကောက်ပွဲက ဘယ်တော့ပဲလုပ်လုပ် အောင်မြင်နိုင်စရာမရှိဘူး။ နောက်အရေးကြီးဆုံးအချက်က နောက်အရေးကြီးဆုံးအချက်က စစ်တပ်အနေနဲ့ နိုင်ငံရေးထဲကနေ မထွက်ခွာပဲနဲ့တော့ လူထုဆန္ဒနဲ့ ဘယ်လိုမှ အပ်စပ်နိုင်မှာ မဟုတ်ဘူး၊ လူထုနဲ့ သဟဇာတ ဖြစ်နိုင်မှာ မဟုတ်ဘူးဆိုတာပဲ အချုပ်ပြောချင်ပါတယ်။
    (ပြီး)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,800SubscribersSubscribe
    spot_img

    Latest posts