Homeငြိမ်းချမ်းရေးဘုရားသုံးဆူနယ်စပ်မြို့ရှိ ကွန်ပျူတာဆိုင်ပိုင်ရှင်တစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

ဘုရားသုံးဆူနယ်စပ်မြို့ရှိ ကွန်ပျူတာဆိုင်ပိုင်ရှင်တစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

-

မွန်သတင်းအေဂျင်စီ ( ၂၀၂၂ ဇန်နဝါရီ ၁၃)

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ အမှတ် (၄) ရပ်ကွက်ဒေါနလမ်းနှင့် ရတနာသိခ်လမ်းဆုံသစ်တောရုံးအနီးရှိ မင်းမင်းကွန်ပျူတာဆိုင်ပိုင်ရှင် ဦးမင်းမင်း ဇန်နဝါရီလ ၁၃ ရက်နေ့တွင် သေနတ်ဖြင့်အပစ်ခံရပြီး သေဆုံးခဲ့သည်။

ဦးမင်းမင်းနေထိုင်သည့်တန်းလျားရှိအိမ်ရှေ့တွင် ထိုင်နေစဉ်အမည်မသိသေနတ်သမားတစ်ဦးမှ အနီးကပ်ပစ်ခတ်ခဲ့ကြောင်း ဘုရားသုံးဆူမြို့မရဲစခန်းမှ သိရသည်။

“ဖြစ်စဥ်မှန်ပါတယ်။ စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။ ကျည်ဆံတွေတွေ့ပေမယ့် ဘယ်သူပစ်သွားလဲဆိုတာ အတည်မပြုနိုင်သေးပါဘူး။ ကျန်တဲ့အချက်အလက်တွေကိုတော့ ကျွန်တော်တို့ ပြောပြလို့မရသေးပါဘူး” ဟု ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် (၇) ချက်ခန့်ပစ်ခတ်သဖြင့် ဘယ်ဘက်ရင်အုံတွင် ထိမှန်ကာပွဲချင်းပြီးသေဆုံးခဲ့ပြီး အလောင်းကို ဘုရားသုံးဆူမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

သေနတ်အပစ်ခံရသည့်ဖြစ်စဥ်များဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာနေရာသို့ ရဲနှင့်စစ်သားများ သွားရောက်စစ်ဆေးခဲ့သော်လည်း တရားခံများကို ယနေ့ထိ တစ်ဦးမျှ ဖမ်းမိထားခြင်းမရှိသေးကြောင်း သိရသည်။

ဘုရားသုံးဆူဒေသတွင် လူပုဂ္ဂိုလ်တစ်ဦးဦးအား ယင်းသို့ အကြောင်းမဲ့ ပစ်သတ်မှုများဖြစ်ပေါ်သည့်အခါတိုင်း Facebook လူမှုကွန်ယက်များပေါ်မှ စစ်တပ်သတင်းပေး ဒလန်ဟုစွပ်စွဲ၍ ဝေဖန်လေ့ရှိကြောင်း တွေ့ရှိနေရသည်။

လွန်ခဲ့သော ၂၀၂၁ ခုနှစ် ဇွန်လမှ စပြီး ဘုရားသုံးဆူမြို့နှင့်အနီးတဝိုက်တွင် အုပ်ချုပ်ရေးမှူးများအပါအဝင် ဒေသခံများ မကြာခဏ သေနတ်ဖြင့်အပစ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းမှတ်တမ်းများက ဖော်ပြနေသည်။

၂၀၂၁ မေလ ၁၉ ရက်နေ့က အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်မင်း။ ဇွန်လ ၈ ရက်နေ့က ရွာသစ်ရွာနေ မွန်ညီညွတ်ရေးပါတီဝင် ရှေ့နေ မိဝေသီဖြိုး၊ ဇွန်လ ၁၆ ရက်နေ့က အမှတ် ၁၀၂၃ နယ်ခြားစောင့်ဖွဲ့ဝင် မောင်ကျော်(ခ)ဆန်းဝင်း။ ဇူလိုင်လ ၁၈ ရက်နေ့က ဘုရားသုံးဆူမြို့ ပြည်ခိုင်ဖြိုးပါတီတာဝန်ခံ ဦးခိုင်ဝင်း(ဘ) ဦးစံဝင်း။ ဒီဇင်ဘာ ၆ ရက်နေ့က ချောင်းဆုံကျေးရွာနေ ပြောင်မထိန်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဇော်မျိုးအောင် တို့အသီးသီး လက်သည်မပေါ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts