spot_img
Wednesday, January 28, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးစိန်ရတု မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားကျင်းပမည့်နေရာ ပြောင်းလဲသတ်မှတ်

    စိန်ရတု မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားကျင်းပမည့်နေရာ ပြောင်းလဲသတ်မှတ်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇန်နဝါရီ ၁၀)

    ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ (၁၆) ရက်တွင် ကျရောက်သည့် (၇၅) ကြိမ်မြောက် စိန်ရတုမွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားကို မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရန်လျာထားသော်လည်း ယခုအခါ မော်လမြိုင်မြို့ရှိ ရာမညရဌဗုဒ္ဓတက္ကသိုလ်သို့ ပြောင်းလဲကျင်းပသွားမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီက ပြင်ဆင်ဆုံးဖြတ်လိုက်ကြောင်း ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

    ကျင်းပရေးကော်မတီ ဒုဥက္ကဋ္ဌ (၁) မင်းအောင်ထူးက “အခြေအနေအမျိုးမျိုးရှိတာပေါ့လေ။ ဒါပေမယ့် အားလုံးကို ခြုံငုံသုံးသပ်လိုက်တဲ့အခါကြတော့ ကျနော်တို့ ရွေ့သင့်တယ်။ အဓိကကြတော့ ဒီပြည်နယ်ခန်းမထက်ကို ကျ‌နော်တို့ ကိုယ့်နေရာနဲ့ ကိုယ်၊  သေသေချာချာ လွတ်လွတ်လပ်လပ်လုပ်မယ်ဆိုရင် ဒီထက်ပိုပြီးမှ ကျယ်ကျယ်ပြန့်ပြန့်ပေါ့နော် လုပ်လို့ရတယ်ဆိုတဲ့ဟာပေါ့။ ဟိုမှကြတော့ အကန့်အသတ်တစ်ခုပဲဖြစ်ဖြစ် ကျန်တာ ဘာပဲလုပ်လုပ်ပေါ့။ အကန့်အသတ်ရှိတယ်ပေါ့ဗျာ။ ဒီဖက်မှာကြ‌တော့ကျနော်တို့ရဲ့ လုပ်ပုံလုပ်နည်း၊ ကိုယ့်လူတွေရဲ့ သဘောသဘာဝ အားလုံးက လွတ်လွတ်လပ်လပ်လုပ်နေတဲ့ အနေအထားမျိုးနဲ့ကြတော့ အခက်အခဲဖြစ်မှာ စိုးတာပေ့ါနော်” ဟု ပြောသည်။

    ယခုကျင်းပမည့် မွန်အမျိုးသားနေ့ အခမ်းအနားသည် အလွန်စည်စည်ကားကား၊ သိုက်သိုက်ဝန်းဝန်းဖြင့် ပြုလုပ်မည့် အခမ်းအနားမျိုးမဟုတ်ကြောင်း၊ တစ်ဖက်မှာလည်း နိုင်ငံရေးအရ ချင့်ချိန်စရာများရှိနေကြောင်း၊ လက်ရှိပြောင်းလဲလိုက်သည့် နေရာသည့် ကော်မတီများအတွက် စီမံခန့်ခွဲမှုများ ပိုမိုလွယ်ကူစေသလို မိမိတို့အနေဖြင့်လည်း သွားရေးလာရေး ပို၍အဆင်ပြေသွားမည့်နေရာဖြစ်ကြောင်း ၎င်းက ဆိုသည်။

    ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ (၇၄) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) စိန်ရတုအကြိုအခမ်းအနားကို မော်လမြိုင်မြို့ ပြည်နယ်ခန်းမတွင် ကိုဗစ်စည်းကမ်းများနှင့်အညီ ကျင်းပခဲ့သလို လက်ရှိ ကျင်းပပြုလုပ်မည့် မွန်အမျိုးသားနေ့ ဗဟို အခမ်းအနားကို ကိုဗစ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းအောင်ထူးက ဆက်ပြောသည်။

    “ကိုဗစ်နှင့် ပတ်သက်ပြီးတော့ မနှစ်ကအခြေအနေနဲ့ ယှဉ်ရင် ကျနော်တို့ လုပ်တဲ့အချိန်မှာ လူဦးရေ ၅၀ အကန့်အသတ်နဲ့ လုပ်ခွင့်ပြုတယ်။ ကျနော်တို့ အဲအတိုင်းတော့ နေရာထိုင်ခင်းတွေ စီစဉ်တာတို့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကာကွယ်တဲ့ အစီအစဉ်တွေတော့ ကျနော်တို့ လုပ်ခဲ့တာပေါ့နော်။ ဒီနှစ်မှာကြတော့ မနှစ်ကနဲ့ စာရင် နဲနဲတော့ပိုပြီးတော့မှ အကန့်အသတ်က လျော့လာတဲ့ သဘောမျိုး ရှိတာပေါ့နော်။ အခုဆိုရင် လူအယောက် ၂၀၀ ခွင့်ပြုတယ်ဆိုတဲ့မျိုး ရှိလာတော့ ဒီနေရာထိုင်ခင်းလည်းပဲ အဲလိုပုံစံပေ့ါလေ ကိုဗစ်စည်းကမ်းနဲ့ အညီ ကျနော်တို့ဘက်က‌တော့ အတတ်နိုင်ဆုံးကတော့ ပြင်ဆင်သွားမှာပေါ့လေ” ဟု ၄င်းက ဆိုသည်။

    ယခင်က မွန်အမျိုးသားနေ့အခမ်းအနားကို မိမိရပ်ရွာဒေသအလိုက် ကျင်းပလာခဲ့ရာမှ ရွှေရတုသဘင် ဖြစ်သည့် ၁၉၉၇ ခုနှစ်မှစပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းရှိ မြို့ နယ်များ စုပေါင်းကာ ကျင်း ပရေးကော်မတီ (ဗဟို) ကို ဖွဲ့စည်း၍ တစ်နှစ်လျှင် တစ်မြို့ နယ်ဖြင့် မွန်ပြည်နယ်အတွင်း အလှည့်ကျကျင်းပလာခဲ့ပြီး  ၇၁ ကြိမ်မြောက်ကို ကရင်ပြည်နယ် ဘားအံမြို့ နယ်ရှိ ဇာသပြင်ကျေးရွာတွင်လည်းကောင်း၊ ၇၂ ကြိမ်မြောက်ကို ပဲခူးမြို့ တို့တွင် ကျင်းပလာခဲ့သည်။

    မွန်အမျိုးသားနေ့အခမ်းအနားကို မြို့ နယ်အဆင့် ကျေးရွာအဆင့်အပြင် မွန်လူမျိုးစုများ နေထိုင်ရာ ကရင်ပြည် နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် ပြည်ပနိုင်ငံများရောက် မွန်လူမျိုးတို့ကလည်း မွန်အမျိုးသား နေ့ အခမ်းအနားကို ၎င်းတို့၏ အားလပ်ရက်များတွင် ကျင်းပလေ့ရှိကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks