spot_img
Sunday, February 15, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးကျင်းပပြုလုပ်သင့်သည့် ရွေးကောက်ပွဲပုံစံနှင့် မဲဆန္ဒနယ်ခွဲဝေသတ်မှတ်ချက်စာတမ်း MUP ရေးဆွဲမည်

    ကျင်းပပြုလုပ်သင့်သည့် ရွေးကောက်ပွဲပုံစံနှင့် မဲဆန္ဒနယ်ခွဲဝေသတ်မှတ်ချက်စာတမ်း MUP ရေးဆွဲမည်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဒီဇင်ဘာ ၃)

    ကျင်းပပြုလုပ်သင့်သည့် ရွေးကောက်ပွဲပုံစံနှင့် မဲဆန္ဒနယ်ခွဲဝေသတ်မှတ်ခြင်းများကို စာတမ်းရေးသားပြုစု၍ ဆွေးနွေးကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က နိုင်ငံရေးပါတီများကို အကြောင်းကြားထားသည့်အတွက် မွန်ညီညွတ်ရေးပါတီ (MUP) မှ စာတမ်းပြုစုသွားမည်ဟု သိရသည်။

    MUP ပြောခွင့်ရပုဂ္ဂိုလ် နိုင်တလညီက “ကျနော်တို့ ဒီကြားထဲမှာ workshop တစ်ခုလုပ်မယ်လေ။  PR (အချိုးကျ ကိုယ်စားပြုစနစ်) နဲ့ ပတ်သက်ပြီးမှလေ။ အဲတာ workshop တစ်ခုလုပ်ပြီးမှ ရွေးကောက်ပွဲ PR နဲ့ ပတ်သက်တဲ့ Design ကို ကျနော်တို့ ဆွဲမှာပေါ့နော်” ဟု ပြောသည်။

    ရွေးကောက်ပွဲနှင့် ပတ်သက်၍ စာတမ်းပြုစုရန် အစီအစဉ်ရှိသည်ဆိုသော်လည်း မည်သည့်နေ့ရက်တွင် ဆွေးနွေးသွားမည်ကို အသိပေးပြောဆိုခြင်းမရှိပေ။

    နိုင်ငံရေးပါတီများအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များတွင် ကျင်းပပြုလုပ်သင့်သည့် ရွေးကောက်ပွဲ Design နှင့် မဲဆန္ဒနယ် ခွဲဝေသတ်မှတ်ခြင်းများကို မိမိတို့ အစုအဖွဲ့အလိုက် ဆွေးနွေးညှိနှိုင်း၍ စာတမ်းတစ်စောင်စီပြုစုထားရန် UEC မှ အကြောင်းကြားထားသည်။

    ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် UEC ညွန်ကြားထားသည့် စာတမ်းနှင့် ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်မှု မရှိကြောင်း ANP မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောသည်။

    “ဟုတ်ကဲ့ ကျနော်တို့ပါတီဆီလည်း အကြောင်းကြားစာရပါတယ်။ စာတမ်းတင်ပြီးတော့ ဝိုင်းဝန်းပြီး ဆွေးနွေးဖို့အတွက် ဖိတ်ကြားထားတာ ရှိပါတယ်။ ကျ‌နော်တို့က လောလောဆယ် စာတမ်းက ပြုစုထားတာ မရှိသေးဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီစနစ်က တော်တောကြီးကို ကျယ်ပြန့်ပါတယ်။ နိုင်ငံတော်တော်များများ PR စနစ်ကို ကျင့်သုံးနေတယ်လို့ လေ့လာကြည့်သလောက် သိနေရတာ။ အဲနိုင်ငံတွေကလည်း PR စနစ်တွေက မတူကြပဲနဲ့ တော်တော်ကြီးကို ရှုတ်ထွေးနေတယ်။ ကျနော်တို့လို ထိတွေ့မှု မရှိတဲ့ သူတွေအနေနဲ့ တော်တော်ကို အချိန်ယူပြီးတော့ လေ့လာရမယ်၊ နားလည်သဘောပေါက်အောင်” ဟု ဦးထွန်းအောင်ကျော်က ပြောသည်။

    မိမိတို့အနေဖြင့်  ပုံစံအမျိုးမျိုးကွဲနေသည့် PR စနစ်ကို လေ့လာသည့်အခါ တော်တော်ကို တိုင်ပင်ပြီး လေ့လာနေရသည့် အပိုင်းရှိသည့်အတွက် အများစုမှာ မည်သည့် PR က သင့်တော်ကြောင်း ဆုံးဖြတ်ချက်ချနိုင်ခြင်း မရှိသေးသည့်အတွက် စာတမ်းထွက်ပေါ်လာခြင်း မရှိသေးကြောင်း ၎င်းကပြောသည်။

    PR စနစ် အပါအဝင် ပြောင်းလဲကျင့်သုံးသင့်သည့် ရွေးကောက်ပွဲစနစ်များနှင့် စပ်လျဉ်းပြီး UEC မှ နိုင်ငံ ရေးပါတီများနှင့် ‌နိုဝင်ဘာ ၅ ရက်မှ ၇ ရက်အထိ တွေ့ဆုံဆွေးနွေးခဲ့ကြကာ ဒုတိယအကြိမ် ဆွေးနွေးပွဲကို ဒီဇင်ဘာလအတွင်း ကျင်းပမည်ဟု သိရသည်။

    ပထမအကြိမ် ဆွေးနွေးပွဲကို ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) အပါအဝင် နိုင်ငံရေးပါတီ ၅၃ ပါတီ တက်ရောက်ကြောင်း သိရသည်။

    Photo; UEC နှင့် နိုင်ငံရေးပါတီများ PR စနစ်ဆွေးနွေးပွဲ(UEC)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks