Wednesday, March 11, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးPR စနစ်ကို ပြည်နယ်များတွင်ကျင့်သုံးသင့်မသင့် ဒေသအခြေပြုပါတီ၏ သဘောထားရယူသင့်ဟု MUP ပြော

    PR စနစ်ကို ပြည်နယ်များတွင်ကျင့်သုံးသင့်မသင့် ဒေသအခြေပြုပါတီ၏ သဘောထားရယူသင့်ဟု MUP ပြော

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ နိုဝင်ဘာ ၈)

    Photo- UEC နှင့် နိုင်ငံရေးပါတီများ PR စနစ်ဆွေးနွေးပွဲ (UEC)

    အချိုးကျကိုယ်စားပြုသည့် ရွေးကောက်ပွဲစနစ် (PR) ကို ပြည်နယ်များတွင် ကျင့်သုံး၊ မသင့်ဆိုသည်ကို သက်ဆိုင်ရာ ပြည်နယ်များတွင် အခြေပြုသည့် နိုင်ငံရေးပါတီများ၏ သဘောထားကို ရယူသင့်ကြောင်း မွန်ညီညွန်ရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ နိုင်တလညီက ပြောသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလ ပထမအပတ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နှင့် နိုင်ငံရေးပါတီတို့ လာမည့်ရွေးကောက်ပွဲများတွင် PR စနစ်အပါအဝင် ပြောင်းလဲကျင့်သုံးသင့်သည့် ရွေးကောက်ပွဲစနစ်များနှင့် ပတ်သက်၍  ဆွေးနွေးခဲ့ကြသည်။

    “PR စနစ်ကို သွားတော့မယ်ဆိုရင်‌တော့လည်း ကျနော်တို့ ပါတီအနေနဲ့က‌တော့ တိုင်းရင်းသားဒေသမှာ FPTP နဲ့ သွားပြီး တိုင်းဒေသကြီးတွေမှာ PR နဲ့ သွားရင် ပိုသင့်တော်တယ်လို့ ကျနော်တို့ကတော့ မြင်တာပေါ့လေ။ အဓိက ချုပ်လိုက်ရင်တော့ ‌ရွေးကောက်ပွဲဆိုတာ နိုင်ငံရဲ့ အာဏာကို စီမံခန့်ခွဲဖို့ အဓိကတော့ တိုင်းရင်းသားပါတီတွေက ရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့ နိုင်ငံရေးမှာ ပါဝင်ဖို့ တိုင်းရင်းသားတွေရဲ့ ဆန္ဒကို အလေးထားသင့်တယ်လေ” ဟု နိုင်တလညီက ပြောသည်။

    သို့သော်လည်း တိုင်းရင်းသားအချို့မှာလည်း သဘောထားကွဲလွဲမှုများ ရှိနေကြောင်း၊ အချို့ပြည်နယ်များမှာ PR စနစ်ကျင့်သုံးစေလိုသည့် တိုင်းရင်းသားများလည်း ရှိကြောင်း ၎င်းပြောသည်။

    သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက ရွေးကောက်ပွဲကျင်းပသည့်အခါ ပြည်နယ်တွင် တစ်မျိုး၊ တိုင်းဒေသကြီးတွင် တစ်မျိုးကျင်းပသည့်အခါ ရှုတ်ထွေးမှုများ ဖြစ်လာနိုင်ကြောင်း ပြောသည်။

     “အနေအထားအရတော့ ပုံစံမျိုးစုံရှိနိုင်ပါတယ်။ ဒါပေမယ့် အဲဒီပြောနေတဲ့ တိုင်းရင်းသားနယ်တွေမှာ FPTP နဲ့သွားလို့ အဆင်ပြေနိုင်လား။ ပြည်မမှာပဲ သီးသန့် PR သွားလို့ အဆင်ပြေနိုင်လား။ အဲတာလည်း ခုပြောသလိုပေါ့။ ခုလောလောဆယ် UEC နဲ့ တိုင်းရင်းသားပါတီတွေ တွေ့ကြတယ်။ သူတို့ စာတမ်းတွေတင်ကြတယ်။ ဆွေးနွေးနေတယ်၊ ညှိနှိုင်းနေတယ်။ နောက်ဆုံးမှာ ဆွေးနွေးညှိနှိုင်းပြီးတော့ သီးခြားအချက်အလက်တွေ မထွက်သရွေ့တော့ ဘယ်သူပိုကောင်းတယ်။ ဘယ်လိုလုပ်သင့်တယ်ဆိုတာ ကျ‌နော်တို့ ပြောဖို့ စောပါသေးတယ်။ ခုနားပြောသလို တိုင်းနဲ့ ပြည်နယ်ကို ဟိုဘက်ဒီဘက်ခွဲပြီးတော့ လုပ်ရင် ‌ရွေးကောက်ပွဲစနစ်မှာ ရှုတ်ထွေးလာနိုင်စရာ အကြောင်းမျိုး ကျနော်တို့ မြင်တာရှိတာပေါ့လေ” ဟု ဦးသိန်းထွန်းဦးက ပြောသည်။

    PR စနစ်မှာ တစ်ပါတီအာဏာရှင်စနစ် မပေါ်ရေးဟု နားလည်ကြောင်း၊ PR စနစ်ကျင့်သုံးသည့်နိုင်ငံ ၁၀၀ ကျော်ရှိကြောင်းနှင့် ၎င်း နိုင်ငံများ၏ အခြေအနေအပေါ်မူတည်ပြီး ကျင့်သုံးနေကြကြောင်း နိုင်တလညီက ပြောသည်။

    “ဒီ PR ကို ကျင့်သုံးတဲ့နေရာမှာဆိုရင်တော့ တိုင်းရင်းသားတော့ တိုင်းရင်းသားပေါ့နော်။ ဗမာလည်း တိုင်းရင်းသားပေါ့နော်။ ဒါပေမယ့် လူနည်းစု တိုင်းရင်းသားတွေရဲ့ ဆန္ဒကိုတော့ အလေးထားသင့်တယ်လို့ ကျနော်တို့ မြင်တာပေါ့။ဒါပေမယ့် လူနည်းစု တိုင်းရင်းသားတွေမှာ ပြည်နယ်အလိုက် PR ကတော့ နိုင်ငံတကာမှာလည်း ကျင့်သုံးတယ်လေ။ နိုင်ငံတစ်နိုင်ငံထဲမှာတောင်မှ တပြေးညီကျင့်သုံးတာမဟုတ်ဘူးလေ။ တချို့  ပြည်နယ်မှာ PR ကျင့်သုံးတာ၊ တချို့ပြည်နယ်မှာ PR မကျင့်သုံးတာ အဲလိုလည်း ရှိတာပေါ့နော်။ ဘာလဲဆိုတော့ ကျနော်တို့ တိုင်းရင်းသားတွေကို နိုင်ငံရေးမှာ အများစုမဟုတ်ရင်တောင် အတိုင်းအတာတစ်ခုအထိ ပါဝင်စေချင်တယ်ဆိုရင်တော့ တိုင်းရင်းသားတွေနဲ့ ဘယ်စနစ်ဲနဲ့ ကိုက်ညီမလည်း ပြည်နယ်အလိုက် သဘောထားယူသင့်တယ်လို့ထင်တယ်” ဟု ပြောသည်။

    ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ နိုဝင်ဘာ ၅ ရက်မှ ၇ ရက်အထိ နိုင်ငံရေးပါတီများနှင့် UEC တို့မှ PR စနစ် ပြောင်းလဲ ကျင့်သုံးနိုင်ရေး ဆွေးနွေးခဲ့ကြပြီး PR စနစ်နှင့် ပတ်သက်၍ နိုင်ငံရေးပါတီအချို့ စာတမ်းတင်သွင်းမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks