HomeCovid 19ရေဖြူနှင့် ကြာအင်းဆိပ်ကြီးမြို့နယ် မွန်အမျိုးသားကျောင်းရှိ ကျောင်းသူ/သားများ ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီး

ရေဖြူနှင့် ကြာအင်းဆိပ်ကြီးမြို့နယ် မွန်အမျိုးသားကျောင်းရှိ ကျောင်းသူ/သားများ ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီး

-

‌မွန်သတင်းအေဂျင်စီ (၂၀၂၁ နိုဝင်ဘာ ၃)


တနင်္သာရီတိုင်း ရေဖြူမြို့နယ်နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ မွန်အမျိုးသားကျောင်းတွင် တက်ရောက်နေသော ကျောင်းသူကျောင်းသားများ ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် ထိုးပြီးကြောင်း မွန်အမျိုးသားပညာရေးကျောင်း ဒုတိယတာဝန်ခံ မိခက်နွန်က ပြောသည်။

“ကျွန်မတို့ မွန်အမျိုးသားကျောင်းတွေကို ရေဖြူမြို့နယ်မှာ ကျတော့ ဆေးပထမအကြိမ် ထိုးပြီးသွားပြီရှင့်။ နောက်ပြီး ကြာအင်းဆိပ်ကြီး မြို့နယ်မှာလည်း ပထမအကြိမ် ထိုးပြီးပြီ။ မွန်ပြည်နယ်မှာကျတော့ ခြောက်မြို့နယ်ရှိတယ်။ မွန်ပြည်နယ်မှာတော့ စာရင်းတွေ ပို့ထားတယ်။ ဆေးတွေ မရောက်သေးလို့ မထိုးရသေးဘူးပေါ့ ကျွန်မတို့ စောင့်နေကြတဲ့ အခြေအနေပေါ့”ဟု မိခက်နွန်က ပြောသည်။

ပြီးခဲ့သည့် လမကုန်ခင်အချိန်တွင် ရေဖြူမြို့နယ် နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်က ကျောင်းသူ၊ ကျောင်းသားများ ပထမအကြိမ်ကာကွယ်ဆေးထိုးခဲ့ပြီးသော်လည်း မွန်ပြည်နယ်အတွင်းက မွန်အမျိုးသားကျောင်းများရှိ ကျောင်းသူ၊ ကျောင်းသားများကို ဆေးမထိုးရသေးကြောင်း ၄င်းက ဆက်ပြောသည်။

မွန်ပြည်နယ် ပညာရေးမှူးဦးစီးဌာန တာဝန်ရှိသူက “ကျွန်တော်တို့ကတော့ ပေးပို့လာတဲ့ စာရင်းတွေကို သေချာစိစစ်ပြုစုပြီးတော့ ပြည်နယ်ကိုဗစ်ကော်မတီကို တင်ပြမယ်။ ကျန်တာတော့ ပြည်နယ်ကိုဗစ်ကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ ဆက်လက်ဆောင်ရွက်မှာပေါ့”ဟု ပြောသည်။

ဆေးရရှိရေးအတွက်လည်း ပြည်နယ်ကိုဗစ်ကော်မတီက ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဆေးများ ရောက်လာပါက မွန်အမျိုးသားကျောင်းများတွင်သာ စနစ်တကျ စီစဉ်ကာ ဆေးထိုးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း မွန်အမျိုးသားစာသင်ကျောင်းများတွင် တက်ရောက်သင်ကြားနေသူဦးရေ ၂၅၀၀ ကျော် ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts