Wednesday, March 11, 2026
More
    spot_img
    Homeသတင်းနိုင်ငံရေးအာဏာသည် သေနတ်ပြောင်းဝမှာရှိနေဆဲ၊ မိမိတို့တပ်အင်အားရှိဖို့လိုအပ်သည်ဟု မွန်ပြည်သစ်ပါတီ ဥက္ကဌပြော

    နိုင်ငံရေးအာဏာသည် သေနတ်ပြောင်းဝမှာရှိနေဆဲ၊ မိမိတို့တပ်အင်အားရှိဖို့လိုအပ်သည်ဟု မွန်ပြည်သစ်ပါတီ ဥက္ကဌပြော

    -

    နိုင်ငံရေးအာဏာသည် သေနတ်ပြောင်းဝမှာရှိနေဆဲဖြစ်နေပြီး လူမျိုးပျောက်မှာစိုးရိမ်ရသည့်အတွက် အမျိုးသားကာကွယ်ရေး တပ်အင်အားရှိဖို့လိုအပ်ကြောင်း မွန်ပြည်သစ်ပါတီ NMSP ဥက္ကဌ နိုင်ဟံသာက မွန်ဘာသာဖြင့် မိန့်ခွန်းတရပ်တွင် ထည့်သွင်းပြောကြားခဲ့သည်။

    မွန်ပြည်သစ်ပါတီ ဂုဏ်ထူးဆောင် ဥက္ကဌကြီး နိုင်ထောမွန်အား ယမန်နေ့က ဂုဏ်ပြုချီးမြင့်သည့် ဝီရဟံသာ ဆုတံဆိပ်အပ်နှင်းသည့်အခမ်းအနားမိန့်ခွန်းတွင် ၄င်းက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

    နိုင်ဟံသာက “လက်ရှိ နိုင်ငံရေးအာဏာဟာ သေနတ်ပြောင်းဝမှာ ရှိနေဆဲပါ၊ လူမျိုးတရပ်ရပ်မှာ တပ်အင်အားမရှိရင် အဲဒီလူမျိုးမှာ ဘာအာဏာမရှိသလို ဘယ်သူမှလည်း အလေးထားကြမှာ မဟုတ်ပါဘူး၊ သူများလာရောက်ဖိနှိပ်တာကိုပဲ ခံနေရမှာပါ၊ အဲဒါကြောင့် ကျနော်တို့ရဲ့ မွန်အမျိုးသားတပ်မတော်အင်အားရှိဖို့ လိုအပ်တယ်၊ မိမိတို့ကိုယ်ကိုတိုင်ပါဝင်ပြီး မထမ်းဆောင်နိုင်ရင်လည်း တခြားနည်းလမ်းတွေနဲ့ ကူညီအားပေးကြဖို့ကို တိုက်တွန်းလိုတယ်” ဟု ဆိုသည်။

    ထို့ပြင် တိုင်းရင်းသားများအနေဖြင့် ပြည်ထောင်စုကြီးမှ သီးခြားခွဲထွက်စရာမလိုဘဲ စစ်မှန်သောဖက်ဒရယ်စနစ်ကို တည်ဆောက်နိုင်ဖို့အရေးကြီးကြောင်း ၄င်းက ဆက်ပြောသည်။

    “ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်ဆိုတာ မိမိတို့ဒေသမှာ မိမိတို့အုပ်ချုပ်နိုင်ဖို့၊ မိမိတို့လူမျိုးရဲ့ ဘာသာစကားနဲ့ စာပေကို မိမိတို့ဒေသမှာ သုံးနှုံးပြောဆိုနိုင်ဖို့ မိမိတို့ယဥ်ကျေးမှုကို ထိန်းသိမ်းနိုင်ဖို့ ဒီအခွင့်အရေးတွေကို သက်ဆိုင်တဲ့တိုင်းရင်းသားလူမျိုးအသီးသီး ခံစားရရှိစေဖို့အတွက် ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် တိုင်းရင်းသားအားလုံး ပါဝင်တည်ဆောက်နေတာကိုအားပေးကြဖို့ပါ၊ ဗမာတိုင်းရင်းသားတွေကလည်း ထောက်ခံအားပေးကြဖို့လိုပါတယ်” ဟု နိုင်ဟံသာက ပြောသည်။

    ထို့ပြင် လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေးပြဿနာနှင့် နိုင်ငံရေးအကျပ်အတည်းသည် NLD အာဏာပြန်လည်ရရှိရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအောက် ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် အရေးကြီးနေသည်မဟုတ်ပဲ မဟာဝါဒီနှင့် အာဏာရှင်များ ကျဆုံးသွားကာ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် တည်ဆောက်နိုင်မှသာလျှင် ယခုနိုင်ငံရေး၏ စစ်မှန်သောထွက်ပေါက်အဖြေအား ရှာဖွေတွေ့ရှိနိုင်လိမ့်မည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ၏ (၇၄) ကြိမ်မြောက် မွန်အမျိုးသားနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks