Sunday, March 8, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမွန်ပြည်နယ်တွင် ဖမ်းဆီးခံရသူ ၂၅၀ ကျော် လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်ပေး

    မွန်ပြည်နယ်တွင် ဖမ်းဆီးခံရသူ ၂၅၀ ကျော် လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်ပေး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၁၉)

    မွန်ပြည်နယ်တွင် အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သောကြောင့် ဖမ်းဆီးခံပြီး ပြစ်ဒဏ်ကျခံနေသူ နှင့် အမှုရင်ဆိုင်နေရသူ ၂၅၀ ကျော်ကို လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း ပြည်နယ်အကျဉ်းဦးစီးဌာနမှ သိရသည်။

    အောက်တိုဘာ ၁၈ ရက်ညပိုင်းတွင် ၃၅ ဦး နှင့် အောက်တိုဘာ ၁၉ ရက်တွင် ၂၁၆ ဦး စုစုပေါင်း ၂၅၁ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

    “တရားရုံးက အမိန့်ချပြီးတဲ့သူတွေရော၊ အမှူရင်ဆိုင်နေဆဲ လူတွေရောပေါ့ ပါတယ်။ အမှုရင်ဆိုင်နေရတဲ့သူတွေကိုတော့ တရားရေးနဲ့ ရဲဘက်က စိစစ်တာပေါ့”ဟု ၎င်းက ပြောသည်။

    သထုံအကျဉ်းထောင်၊ မော်လမြိုင် အကျဉ်းထောင် နှင့် ကျိုက်မရောအကျဉ်းထောင်တို့မှ ပုဒ်မ ၅၀၅(က) ဖြင့် ဖမ်းဆီးခံရကာ ပြစ်ဒဏ်ကျနေသူများ နှင့် အမှုရင်ဆိုင်နေရသူများကို အမှုပိတ်သိမ်းပြီး လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဆက်ပြောသည်။

    အဆိုပါ ပြန်လည်လွှတ်မြောက်လာသူများတွင် NLD ပါတီဝင်များနှင့် တက္ကသိုလ်ကျောင်းသားများ အများဆုံးဖြစ်ကြောင်း၊ နှစ်ရက်အတွင်း ပြန်လည်လွတ်မြောက်လာသူများထဲတွင် ကျောင်းသား ၂၅ ဦးထိ ပါဝင်ကြောင်း မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ထုတ်ပြန်ချက် အရ သိရသည်။

    “ယခုအချိန်ထိ မတရားဖမ်းဆီးခံရသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် မော်လမြိုင်တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၂၅ ဦး ပါဝင် လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါတယ်”ဟု ထုတ်ပြန်ထားသည်။

    မော်လမြိုင်တက္ကသိူလ်ကျောင်းသူ တစ်ဦးက “ကျန်နေပါသေးတယ်။ ကျောင်းသူ၊ ကျောင်းသားတွေ အများကြီး ကျန်နေသေးတယ်။ သူတို့တွေကိုပါ အကုန် ပြန်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အောက်တိုဘာ ၁၈ ရက် နေ့လည်ပိုင်းတွင် ပြစ်ဒဏ်ကျခံနေရသူ ၁၃၁၆ ဦး နှင့် အမှုရင်ဆိုင်နေရသူ ၄၃၂၀ ဦးကို ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

    သို့ရာတွင် လွတ်ငြိမ်းချမ်းသာခွင့်ရသူများသည် နောက်ထပ် ပြစ်မှု ကျုးလွန်ခဲ့ပါက လက်ရှိအပြစ်ဒဏ်အပြင် ကျန်ရှိနေသော ပြစ်ဒဏ်များကိုပါ ကျခံရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လွတ်ငြိမ်းခွင့်ကြေငြာစဥ် (သတင်းစဥ်)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks