Sunday, March 8, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးဆန္ဒပြပွဲတွင်ပါဝင်ခဲ့သောကြောင့် ပြစ်ဒဏ်ကျနေသူနှင့် တရားစွဲဆိုခံရသူ ၅၆၀၀ ကျော်ကို နစကပြန်လွှတ်ပေး

    ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သောကြောင့် ပြစ်ဒဏ်ကျနေသူနှင့် တရားစွဲဆိုခံရသူ ၅၆၀၀ ကျော်ကို နစကပြန်လွှတ်ပေး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၁၈)

    အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သဖြင့် ပြစ်ဒဏ်ကျခံနေသူ ၁၃၁၆ ဦး နှင့် တရားစွဲဆိူခံထားရသူ ၄၃၂၀ ဦးကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) က ထုတ်ပြန်လိုက်သည်။

    အောက်တိုဘာ ၁၈ရက် မွန်းလွှဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောပြီးနောက် အမိန့်အား ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

    ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သောကြောင့် ပြစ်ဒဏ်ကျခံနေသူ ၁၃၁၆ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


    ထို့အတူ ဖမ်းဆီးထိန်းသိမ်းခံရပြီး အမှုရင်ဆိုင်နေရသူ ၄၃၂၀ ဦး၏ ရင်ဆိုင်နေရဆဲအမှုများကိုလည်း ပိတ်သိမ်းပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် လူမှုကွန်ရက်တွင် သွေးထိုးလှုံဆော်ခြင်း၊ ဆန္ဒပြပွဲများတွင် ပါဝင်ခြင်းစသည့် အချက်များဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရသော အနုပညာရှင် ၂၄ ဦး နှင့် လူမှုကွန်ရက်မမှ လူသိများသူ ၁၀ ဦးကိုလည်း အမှုပိတ်သိမ်းပေးကြောင်း ထုတ်ပြန်ထားသည်။

    အနုပညာရှင် ၂၄ ဦးတွင် နွယ်ဒါလီထွန်း၊ သက်ထားစုစံ၊ ထက်အိမ့်(ခေါ်) ထက်ထက်အိမ့်၊ ခင်ဝင့်ဝါ၊ ကော်နီ၊ ညီထွဋ်ခေါင်၊ ထက်အောင်ရှိုင်း၊ စည်သူဝင်း၊ အိန်ဂျယ်လမုန်၊ အေးငြိမ်းဆွေ၊ မေ၊ ရတနာဗိုလ်၊ ခြူးစစ်ဟန်၊ ခေးဆက်သွင်၊ ထူးပိုင်ဇော်၊ နန်းခင်သက်ထား၊ ဆုအိမ့်စံ၊ ကျော်ရဲထွန်း၊ ဇင်အောင်၊ သန္တာမိုးသိမ့်၊ မေမဒီ၊ သွန်းနေစိုး၊ ဖြူဖြူကျော်သိန်း နှင့် ချမ်းမြေ့မောင်ချိုတို့ ပါဝင်ကြောင်း ဖော်ပြထားသည်။

    လူမှုကွန်ရက်တွင် လူသိများသူ ၁၀ ဦးတွင် ထက်ရှိုင်းအောင်၊ ဖြိုးဖြိုးအောင်၊ ဖြိုးအောင်၊ စံလေး၊ ပြည်ဝထွန်း၊ ကောင်းဆက်နိုင်၊ ဒေါက်တာမြဝတ်ရည်၊ ရွှေဝတ်မှုံ၊ ပေါက်စီ နှင့် ဟိန်းမင်းတို့ ပါဝင်ကြောင်း သိရသည်။

    လွတ်ငြိမ်းချမ်းသာခွင့်ရသူများသည် နောက်ထပ် ပြစ်မှု ကျုးလွန်ခဲ့ပါက လက်ရှိအပြစ်ဒဏ်အပြင် ကျန်ရှိနေသော ပြစ်ဒဏ်များကိုပါ ကျခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

    အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း နိုင်ငံတစ်ဝန်းတွင် အကျဉ်းကျခံနေရသော အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသား ၂၃,၃၁၄ ယောက်ကို နစကကောင်စီက လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လွှတ်ပေးခဲ့ပြီးဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks