spot_img
Tuesday, February 17, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးEAO များနှင့် ငြိမ်းချမ်းရေးခိုင်မာအောင် ဆောင်ရွက်သွားမည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ပြောကြား

    EAO များနှင့် ငြိမ်းချမ်းရေးခိုင်မာအောင် ဆောင်ရွက်သွားမည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ပြောကြား

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၂)

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ခိုင်မာရေး တိုးမြှင့်ဆောင်ရွက် သွားမည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

    ငြိမ်းချမ်းလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရအနေနှင့် အချက် (၃) ချက်ကို ဆက်လက်ဆောင်ရွက်သွားမည်ဟု  ဗိုလ်ချုပ်ဇော်မင်းထွန်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ စက်တင်ဘာ ၃၀ ရက် သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

    “နံပါတ်(၁) သက်ဆိုင်ရာ တိုင်းရင်းသားများ၊ သက်ဆိုင်သူများ ကိုယ်တိုင်ပါဝင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကျိုးဆောင်နိုင်ရေးနှင့် မြှင့်တင်ရေး ဆောင်ရွက်ခြင်း၊ နံပါတ် (၂)တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီနှင့် EAO များ တိုက်ရိုက် ဆွေး နွေးခြင်း၊ ငြိမ်းချမ်းရေးလုပ် ငန်းစဉ် မြှင့်တင်ရေးအဖွဲ့များနှင့်ဆွေးနွေးခြင်းတို့ ဖြစ်သည်။နံပါတ်(၃) NCA လက်မှတ် ရေးထိုး ပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ပိုမို ခိုင်မာအောင် ဆောင်ရွက်ခြင်း၊ NCA လက်မှတ် မထိုးရသေးသည့် တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များအား NCA လက်မှတ်ရေးထိုးနိုင်အောင် ရည်ရွယ်လျက် ပစ်ခတ်တိုက်ခိုက်မှု လျော့နည်းလာစေရေး၊ နှစ်ဖက် သဘောတူညီချက်များ ရရှိရေးများ ဆောင်ရွက်ခြင်းတို့ ဖြစ်ပါတယ်”ဟု ပြောသည်။

    သို့ရာတွင် ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် (PNLO) ၏ ရှေ့ဆောင်နာယကဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ငြိမ်းချမ်းရေးလုပ်ခြင်းမှာ ရည်ရွယ်ချက်ကောင်းမွန်သော်လည်း ယခုကဲ့သို့ ပြည်သူလူထုကို ဖမ်းဆီးနှိပ်စက်မှုများ မရပ်တန့်ပဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆောင်ရွက်မည်ဆိုခြင်းမှာ အဓိပ္ပာယ်မရှိကြောင်း ပြောသည်။

    “ကျနော်တို့ကတော့ ငြိမ်းချမ်းရေးလုပ်သွားတာတော့ ရည်ရွယ်ချက်ကောင်းပါတယ်။ ဒါပေမယ့် စည်းကမ်းသတ်မှတ်ချက်တွေတော့ လိုတာပေါ့။ ဥပမာ အခုလို ပစ်ခတ် သတ်ဖြတ်၊ လူတွေ ဖမ်းဆီးနှိပ်စက်၊ အချုပ်ထဲထည့် ဒီနေ့ဖမ်း မနက်ဖြန်သတ်ဆိုတဲ့ ဟာမျိုးတွေ ရပ်စဲဖို့ လိုတယ်။ အဲဒီလို ပဋပက္ခတွေ လက်နက်ကိုင် အကြမ်းဖက်မှုတွေ မရပ်ပဲနဲ့တော့ ဆွေးနွေးပွဲဟာ ဘာအဓိပ္ပာယ်မှ မရှိဘူး။ ဒါကြောင့် အဲတာတွေ ရပ်နိုင်မှာလားဆိုတဲ့ မေးခွန်းကို အရင်ဖြေဖို့ လိုတယ်”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

    ၎င်းက ဆက်လက်ပြီး “ပေါ်လစီ အပေါ်စီးယူတယ်လို့ ပြောရမယ်။ လက်တွေ့ မြေပြင်မှာ မဖြစ်ဘူး။ ဘာကြောင့်လည်း ဆိုတော့ မထိုးရသေးတာက ဥပမာ တစ်ခုပေးမယ်။ KNPP ပေါ့ဗျာ။ KNPP က NCA တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မထိုးပေမယ့် Bilateral လို့ ခေါ်တဲ့ နှစ်ဖွဲ့ချင်းလေး ထိုးတာလေးရှိတော့ အဲတာလေးက အပစ်ရပ်တာနဲ့ အတူတူပဲ။ Bilateral လေးတောင် မလိုက်နာပဲနဲ့ အခု ကရင်နီပြည်ထဲမှာ မြေလှန်စနစ် ကျင့်သုံးပြီးတော့ တိုက်ခိုက်ဖျက်ဆီးနေတဲ့အခါကြတော့ ဘယ်လိုလုပ်ပြီး ဒီလိုနိုင်ငံရေး မိုးလေဝသအခြေအနေအောက်မှာ သွားတွေ့ဆုံဆွေးနွေးမလဲ” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

    ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ၇၅ နှစ်ပြည့် စိန်ရတုပြည်ထောင်စုနေ့တွင် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာရေးကို အချက်သုံးချက်နှင့် ဖော်ဆောင်မည်ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးမြှင့်ရေးအတွက် ဖော်ပြထားသည့် အချက်သုံးချက်နှင့် ဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

    ထို့ပြင်မြန်မာနိုင်ငံ တစ်ဝှမ်းလုံး၌ နိုင်ငံတော် ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအပြင် အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ (၅)လကြာ ထပ်မံတိုးမြှင့် ရပ်စဲလိုက်ကြောင်း တပ်မတော်က ကြေညာချက် ထုတ်ပြန်ခဲ့ထားသော်လည်း တစ်နိုင်ငံလုံးတွင် ပစ်ခံသံများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းများက ဖော်ပြနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks