မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၂၆)
ရေးမြို့နယ် အစင်ကျေးရွာ YMBA အတွင်းရေးမှူး ဦးကျော်သူထွန်းအား စက်တင်ဘာ ၂၄ ညဦးပိုင်းက ၄င်းနေအိမ်သို့ အမည်မသိဆိုင်ကယ်စီး ၂ ဦး သေနတ်ဖြင့်လာရောက်ပစ်ခတ်လုပ်ကြံခံခဲ့ရာတွင် အသက်အန္တရယ်ဘေးမှလွတ်မြောက်သွားကြောင်း စုံစမ်းသိရှိရသည်။
အခင်းဖြစ်ပွားခဲ့သည့် ၄င်း၏နေအိမ် အစင်ကျေးရွာနယ်မြေ ၁၂ မြန်မာ့ဂုဏ်ရည်လမ်း အမှတ် ၅၄ ၌ PSI စလောင်းပြုပြင်နေစဥ် ညဦးပိုင်း ၇ နာရီ ၂၀ မိနစ်ခန့်က အမည်မသိဆိုင်ကယ်စီး ၂ ဦးလာရောက်၍ သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ခဲ့ကြောင်း၊ ၄င်းရရှိခဲ့သည့် သေနတ်ဒဏ်ရာများဖြင့် ရေးမြို့ဆေးရုံကြီးမှတဆင့် မော်လမြိုင်သို့ ပို့ဆောင်ခဲ့ကြောင်း နီးစပ်သူတစ်ဦးထံမှ သိရသည်။

” မသေပါဘူးခင်ဗျ။အခု မော်လမြိုင်ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်” ဟု ၄င်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ဦးကျော်သူထွန်းသည် အစင်ကျေးရွာ ရာအိမ်မှူးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦး ဖြစ်ကြောင်း သိရသည်။
အလားတူ အစင်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဝင် ဦးကိုကိုသည်လည်း ၄င်း၏ဥယာဥ်ခြံသွားသည့်ကားလမ်းဘေး၌ သြဂုတ်လ ၁၆ ရက်ညနေပိုင်းက ထိုးသွင်းဒဏ်ရာဖြင့် လုပ်ကြံခံသေဆုံးခဲ့ရကြောင်း၊ အစင်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင် ဦးမောင်အုန်း နေအိမ်တွင်လည်း ဇူလိုင် ၂၉ က အမည်မသိဆိုင်ကယ်စီးလူ ၂ ယောက်မှ လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းဖောက်ခွဲခဲ့ရာ အမျိုးသမီးတစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။
ထို့ပြင် ရေးမြို့အောင်မေတ္တာရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ နေအိမ်ကိုလည်း စက်တင်ဘာ (၂၄) ရက် မွန်းလွဲ ၃ နာရီခန့်က အမည်မသိ ဆိုင်ကယ်စီးသမားမှ လက်ပစ်ဗုံး လာရောက်ပစ်ထည့်ခဲ့ရာ မည်သူတစ်ဦးတစ်ယောက်မှ ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း စုံစမ်းသိရှိရသည်။