မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၂၂)
မော်လမြိုင်မြို့ ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန-ကညနရုံး၌ ယမန်နေ့ (စက်တင်ဘာ ၂၁) နေ့ ညပိုင်းက ဗုံးပေါက်ခဲ့သည့်သတင်း သတင်းမှားသာဖြစ်ကြောင်း (ကညန) ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိင်္ဂီတိုးက မွန်သတင်းအေဂျင်စီသို့ ငြင်းဆိုပြောကြားလိုက်သည်။
” အဲဒီသတင်းက လုံးဝမမှန်ပါဘူးရှင့်။ အဲဒီရုံးထဲမှာ ကျွန်မ နေတာပါ။ လုံးဝဗုံးမပေါက်ပါဘူးရှင်” ဟု ဒေါ်သိင်္ဂီတိုးက ပြောသည်။
မော်လမြိုင် ကညနရုံးတွင် ယမန်နေ့ ညဦးပိုင်းအချိန် မိုးရွာနေစဥ် ဗုံးပေါက်ကွဲခဲ့ကြောင်း သတင်းဌာနအချို့က ဖော်ပြခဲ့သည်။
” ကျွန်တော်တို့ မနက်က ၅ နာရီထဲက ဒီကို လိုင်စင်လုပ်ဖို့ရောက်နေတာ ပုံမှန်ပါဘဲ။ ဗုံးတကယ်ပေါက်ရင် ဒီနေ့ လာစောင့်နေလို့တောင်ရမယ် မထင်ဘူး” ဟု ဆိုင်ကယ်လိုင်စင် အကျိုးဆောင်တစ်ဦးက ဆိုသည်။
မွန်ပြည်နယ်တွင် တရားမဝင် မော်တော်ဆိုင်ကယ်များ ပပျောက်ရေးအတွက် လိုင်စင်မဲ့ဆိုင်ကယ်များ မှတ်ပုံတင်ပြုလုပ်ပေးခြင်းကို စက်တင်ဘာ ၇ ရက်နေ့မှ အောက်တိုဘာ ၂၆ ရက်နေ့အထိ အစိုးရရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။