spot_img
Saturday, January 24, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမြန်မာနိုင်ငံတောင်ပိုင်းတွင် စစ်အာဏာသိမ်းပြီးနောက် ပုဂ္ဂလိကဆိုင်ရာလူ့အခွင့်အရေး ချိုးဖောက်မှု ပိုမိုကျယ်ပြန့်လာသည်ဟု HURFOM ထုတ်ပြန်

    မြန်မာနိုင်ငံတောင်ပိုင်းတွင် စစ်အာဏာသိမ်းပြီးနောက် ပုဂ္ဂလိကဆိုင်ရာလူ့အခွင့်အရေး ချိုးဖောက်မှု ပိုမိုကျယ်ပြန့်လာသည်ဟု HURFOM ထုတ်ပြန်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၁၆)

    စစ်အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများဖြစ်သော ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ပြည်သူလူထု၏ ပုဂ္ဂလိကဆိုင်ရာအခွင့်အရေးနှင့် လွတ်လပ်မှုကို ကန့်သတ်သည့် လူ့အခွင့်ရေးချိုးဖောက်မှုများ ပိုမိုကျယ်ပြန့်စွာတွေ့ရှိခဲ့ရကြောင်း ယမန်နေ့ (စက်တင်ဘာလ (၁၅) ရက်) က ထုတ်ပြန်သည့် မွန်ပြည်လူ့အခွင့်ရေးဖောင်ဒေးရှင်း HURFOM  အစီရင်ခံစာတရပ်တွင် ဖော်ပြထားသည်။

    “ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ၊ ရွေးကောက်ခံ ကိုယ်စားလှယ်တွေရဲ့ အိမ်ထဲကို စစ်တပ်မှ အချိန်မရွေး ဝင်ရောက်စစ်ဆေးနိုင်ပါတယ်၊ ပြည်သူလူထုတွေရဲ့ လက်ကိုင်ဖုန်းတွေကို အချိန်မရွေး တောင်းပြီး ကြည့်ခွင့် ရှိလာတယ် ဆန္ဒပြမှုနဲ့ ဆက်စပ်ပြီး သက်သေတခုခု တွေ့ရှိခဲ့မယ်ဆိုရင် ဖမ်းဆီးနိုင်ပါတယ်” ဟု ၄င်းအစီရင်ခံစာက ရေးသားသည်။

    စစ်အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ပြီးခဲ့သည့်သြဂုတ်လကုန်အထိ ပုဂိုလ်ရေးဆိုင်ရာလုံခြုံရေးဥပဒေအား ပြင်ဆင်သည့် ဥပဒေအရ ချိုးဖောက်မှု (၈၉) မှု၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေအား ပြင်ဆင်သည့် ဥပဒေအရ ချိုးဖောက်မှု (၆၂) မှု၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ အရ အရေးယူမှု (၃၅) မှုနှင့် ဖုန်းနှင့် ကွန်ပြူတာ အစရှိသည့် အီလက်ထရွန်းနစ်ဆိုင်ရာ ဥပဒေအရ ချိုးဖောက်မှု (၁၄) မှု စုစုပေါင်း ၂၀၀ တွေ့ရှိခဲ့သည်ဟု “We have lost our private sphere” အင်္ဂလိပ်ဘာသာဖြင့် ပြုစုထားသည့် အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်သည်။


    အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD အစိုးရလက်ထက်တွင် ပြဌာန်းထားသည့် ပုဂ္ဂလိကဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ ရာဇသတ်ကြီး ပုဒ်မ (၅၀၅) ပြစ်မှုဆိုင်ရာ ကျင့်ထုံးဆိုင်ရာဥပဒေ နှင့် အီလက်ထရွန်းနစ် ဆက်သွယ်ရေးဥပဒေတို့ကို နစကမှ ပြင်ဆင်ခဲ့သည့်အပြင် အရေးပေါ်အခြေအနေနှင့် ညမထွက်ရ အမိန့်တို့ ကြောင့် ပြည်သူလူထု၏ ပုဂ္ဂလိကဆိုင်ရာ အခွင့်ရေးနှင့် ပုဂ္ဂိုလ်ရေး လွတ်လပ်မှုတို့ကို များစွာထိခိုက်စေသည်ဟု အစီရင်ခံစာက ဝေဖန်ထောက်ပြသည်။

    ထို့ပြင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၊ ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် ဆန္ဒပြသူများအကြောင်းကို သက်ဆိုင်ရာအုပ်ချုပ်ရေးမှုးများမှ သတင်းပေးရန် ညွန်ကြားခဲ့ပြီး ရပ်ကွက်/ကျေးရွာများအတွင်း ဝင်ရောက်ဖမ်းဆီးမှု၊ ဆန္ဒပြသူများ အသုံးပြုသည်ဟု ယူဆရသည့် ဆိုင်ကယ်နှင့် အသုံးအဆောင်ပစ္စည်းများကို သိမ်းယူမှု ပြုလုပ်ခဲ့ကြောင်း ရေးသားထားသည်။

    ယင်းကဲ့သို့ ပြည်သူလူထုတို့ကို အကာအကွယ်ပေးနေသည့် ဥပဒေတို့အား ပြင်ဆင်လိုက်ခြင်းသည် ပြည်သူလူထုများအကြား ထိန့်လန့် ကြောက်ရွံ့ မှုများ ပေါ်ပေါက်လာစေရုံသာမက ၎င်းတို့၏ နေ့စဉ် အလုပ်အကိုင်များ၊ စီးပွားရေးနှင့် လူမူရေးကိစ္စတို့ အား ထိခိုက်စေသည်ဟု ဆိုသည်။

    မွန်ပြည်လူ့ အခွင့်ရေးဖောင်ဒေးရှင်းကို (၁၉၉၅) ခုနှစ်တွင် ထိုင်းမြန်မာနယ်စပ်တစ်နေရာ၌ ထူထောင်ထားပြီး အခြားတိုင်းရင်းသား လူ့အခွင့်ရေးအဖွဲ့အစည်းများနှင့်အတူ မြန်မာနိုင်ငံအတွင်း လူ့အခွင့်ရေးလေးစားလိုက်နာရေးနှင့် မြှင့်တင်ရေးတို့အတွက် မှတ်တမ်းပြုစု၍ လှုံ့ဆော်နေသည့်အဖွဲ့အစည်း တရပ်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts