Wednesday, March 11, 2026
More
    spot_img
    HomeCovid 19ကိုဗစ်နှင့် လုံခြုံရေးကန့်သတ်ချက်များကြောင့် ရာဘာအစေးလှီးခြစ်သူများ အခက်တွေ့

    ကိုဗစ်နှင့် လုံခြုံရေးကန့်သတ်ချက်များကြောင့် ရာဘာအစေးလှီးခြစ်သူများ အခက်တွေ့

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၁၄)

    ညမထွက်ရအမိန့်နှင့် လုံခြုံရေးသွားလာမှုကန့်သတ်ချက်များရှိနေခြင်းကြောင့် မွန်ပြည်နယ်တောင်ပိုင်းဒေသရှိ  ရာဘာခြံများတွင် ရာဘာအစေးလှီးခြစ်သူများ လုပ်ငန်းခွင်သို့နေ့စဥ်သွားလာရေး အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။

    “ကိုဗစ်တားမြစ်ချက်၊ ကန့်သတ်ချက်တွေကြောင့် သွားလာခက်ခဲတာ တစ်ချက်၊ အခုတလော အစစ်အဆေးတွေ များလာတယ်။ ခြံသွားရင် ထောက်ခံစာယူသွားရတယ်” ဟု ရေဖြူမြို့နယ်တွင် ရာဘာခြံလုပ်ကိုင်သူ နိုင်ကြည်ဝင်းက ပြောသည်။

    ထို့အတူ ရေးမြို့အနီးတဝိုက်တွင် PDF တပ်ဖွဲ့ လှုပ်ရှားနေသည့်အတွက် မြို့ဝင်ထွက်နေရာများတွင် လုံခြုံရေးပိုမိုတင်းကြပ်ထားသဖြင့် အချိန်နောက်ကျပြီးမှ ရာဘာခြံသို့ သွားနေရကြောင်း မိအိုင်းစွမ်းက ဆိုသည်။

    “ ဝင်ငွေကလည်းမရှိ၊ အခုတလော ရာဘာစျေးလည်းကောင်းလာတော့ မိုးတွေပါးတဲ့ရက်မှာ ခြံသွားကြတာပေါ့၊ လမ်းမှာ စစ်သားတွေက အမေးအမြန်းထူတယ်၊ အရင်ကလို မနက်စောစော ခြံထသွားလို့တော့ အဆင်မပြေပါဘူး၊ အချိန်နောက်ကျတော့ အစေးရတာ နည်းတာပေါ့” ဟု ၄င်းက ဆိုသည်။

    အလားတူ သံဖြူဇရပ်မြို့နယ်တွင်လည်း လုံခြုံရေးတင်းကြပ်ထားသဖြင့် ရာဘာခြံသို့ သွားသည့်အခါ အဆင်မပြေမှုများ ရှိလာကြောင်း မြို့ခံ မင်းထက်က ပြောသည်။

    ၄င်းက “ရာဘာခြစ်တဲ့အလုပ်က ညသန်းခေါင်အချိန် သွားရတဲ့အလုပ်ပါ၊ သွားမယ်၊ ခြစ်မယ်၊ ပြန်လာမယ်၊ ရလာရင် ရောင်းမယ် အဲဒါပဲ။ အပြင်မထွက်ရ ညမထွက်ရ အမိန့်တွေရှိနေတယ်၊ နိုင်ငံရေး လုံခြုံရေးအခြေအနေ ခုတလောသတင်း သိပ်မကောင်းဘူး၊ ရာဘာခြံက တော်တော်လေးဝေးတယ်၊ လမ်းမှာ ရဲတွေ စစ်သားတွေ မေးတယ် စစ်တယ်၊ ညဘက်မှာ စိုးစိုးရိမ်ရိမ်နဲ့ သွားခြစ်နေရတာတော့ အခက်အခဲ ရှိတာပေါ့” ဟု ဆိုသည်။

    လူ(၅)ဦး သို့မဟုတ် (၅)ဦးထက်ပို၍ စုဝေးခြင်းမပြုရန်နှင့် ည(၈)နာရီအချိန်မှ မနက်(၄)နာရီအချိန်အတွင်း ညမထွက်ရန် ပုဒ်မ ၁၄၄ ကို ရေးနှင့် သံဖြူဇရပ်မြို့နယ်တို့တွင် လွန်ခဲ့သည့် ဖေဖော်ဝါရီလကတည်းက ထုတ်ပြန်ထားခြင်း ဖြစ်သည်။

    ယခုအခါ ရာဘာကို ပြည်ပဝယ်လိုအားများမြင့်တက်လာနေပြီး ဈေးကွက်လိုအပ်ချက် မြင့်မားလျက်ရှိကြောင်း၊  နယ်စပ်ဂိတ်များ ပိတ်ထားသော်လည်း နည်းလမ်းမျိုးစုံဖြင့် ဝယ်ယူမှု ရှိနေသည့်အတွက် ရောဘာဈေးနှုန်း အတက်ဘက်သို့ ဦးတည်နေကြောင်း မွန်ပြည်နယ်ကုန်သည်များက ခန့်မှန်းတွက်ဆထားကြောင်း၊ စိုက်ဧက ၅ သိန်းရှိသည့် ရာဘာခြံလုပ်ငန်းသည် မွန်ပြည်နယ်၏ အဓိကစီးပွားရေးတရပ်ဖြစ်ကြောင်း တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks