Wednesday, March 11, 2026
More
    spot_img
    Homeသတင်းရေးမြို့ ကွမ်းသီးခြောက်တစ်ပိဿာ ကျပ် ၉၀၀၀ ကျော်ထိ ဈေးပေါက်

    ရေးမြို့ ကွမ်းသီးခြောက်တစ်ပိဿာ ကျပ် ၉၀၀၀ ကျော်ထိ ဈေးပေါက်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၁၃)

    မွန်ပြည်နယ်၊ ရေးမြို့နယ်၏ အဓိကထွက်ကုန်တစ်ခုဖြစ်သောကွမ်းသီးခြောက်သည် စျေးကွက်တွင် တစ်ပိဿာ ကျပ် ၉၀၀၀ ကျော်အထိ ဈေးပေါက်နေကြောင်း ကွမ်းသီးအရောင်းအဝယ် လုပ်ကိုင်နေသူတို့က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ယမန်နှစ် ကွမ်းသီးအခြောက် တစ်ပိဿာ ၄၀၀၀ ကျပ်ကျော်ခန့် ကွမ်းသီးအမှည့်တစ်လုံး (၂၂) ကျပ်ခန့် သာရှိပြီး ယခင်နှစ်ထက် စျေးနှုန်းများစွာ   ကျဆင်းနေသဖြင့် ခြံပိုင်ရှင်တစ်ချို့မှာ ဈေးမရသဖြင့် စီးပွားရေးအရ အကျပ်အတည်းခံ၍   သိုလှောင်ထားခဲ့ကြောင်း သိရသည်။

      ရေးမြို့နေ ကွမ်းသီး ရောင်းဝယ်ရေး လုပ်ငန်းရှင် မခိုင်က “တစ်နွေလုံး ရောင်းထားတယ်ဆိုတော့ ကုန်နေပြီ။ အဲဒါကြောင့်ဈေးတက်တာ၊ အော်ဒါအပေါ်လည်း မူတည်တာပေါ့။ အော်ဒါက အိတ် ၅၀ ရှိတယ်ဆိုပါတော့။ အခု အိတ် ၅၀ မပြည့်သေးဘူးဆိုရင် ဒိုင်က တခါထဲတန်းဝယ်လိုက်ရော။ အဲလိုမျိုးတွေကြောင့် ၉၇၀၀ အထိဖြစ်သွားတာပေါ့နော်၊ ဈေးမှန်ကတော့ ၉၅၀၀-၉၄၀၀ ကျပ် အဲဒါက ပုံမှန်ပါပဲ။ မနှစ်ထွက်တဲ့ကွမ်းသီးခြောက်ကျတော့ နည်းနည်းပဲကျန်တော့လို့ စျေးတက်တယ်၊ ကွမ်းသီးအစိုက အရောင်းမဝယ်သိပ်မရှိသေးဘူး သံပုရာသီးလည်း အရောင်းအဝယ်မဖြစ်ပါဘူး” ဟု ပြောသည်။

    ရေးမြို့တွင် ဥယျာဥ်ခြံထွက် ဒေသထွက်ကုန်များအနက် ယမန်နှစ်ကထွက်ရှိသော ကွမ်းသီးခြောက်တစ်မျိုးသာ ဈေးနှုန်းတက်နေပြီး ကွမ်းသီးအစိုတစ်လုံး ၂၉-၃၀ ကျပ်၊ သံပုရာသီး တစ်လုံး ၁၇-၁၈ ကျပ်သာစျေးပေါက်နေကြောင်း သူမက ဆက်ပြောသည်။

    သို့ရာတွင် ရေးမြို့ကွမ်းသီး ရောင်ဝယ်ရေး လုပ်ငန်းရှင် ဦးသိန်ဇော်က “ကွမ်းသီးကတော့ ဈေးကောင်းပါတယ်။ အခြောက်ကလည်း ဈေးကောင်းရ၊ အစိုလည်းဈေးကောင်းရပါတယ်။ အကြောင်းရင်းကတော့ စောစောပိုင်း၊ ၆ လပိုင်း ၇ လပိုင်း ဆိုတာ စထွက်ချိန်မှာ ကျတော်တို့ တစ်လုံးကို တစ်ရာကျော်ကျော်လောက် ပေးဝယ်ခဲ့ရတယ်၊ အထွက်များလာတဲ့အခါ စျေးကျသွားမှာပါ” ဟု ဆိုသည်။

    လက်ရှိတွင် ရေးမြို့အနီးတဝိုက်တွင် အာဏာပိုင်များက လုံခြုံရေးအစီအစဥ် တိုးမြှင့်ချထားသဖြင့်  ဥယျာဥ်ခြံများသို့ သွားလာရာတွင် အစစ်အဆေးပို၍ များပြားလာကြောင်း မြို့ခံများက ပြောသည်။

    ရေးမြို့နယ်သည် မွန်ပြည်နယ်တွင် ဒုတိယလူဦးရေအများဆုံးမြို့နယ်ဖြစ်ပြီး ဒူးရင်း၊ မင်းဂွတ်၊ နာနတ်၊ သံပုရာသီး၊ ကျွဲကော်သီးနှင့် ကွမ်းသီးပင်များ စသည့်ဥယာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။

    ကွမ်းသီးခြောက်များကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတဆင့် အိန္ဒိယနှင့် ဆေးဝါးထုတ်လုပ်ရေးအတွက် တရုပ်နိုင်ငံသို့ ပို့ဆောင်လျက်ရှိကြောင်း သိရသည်။

    smart

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks