spot_img
Saturday, January 24, 2026
More
    spot_img
    HomeCovid 19လူသားချင်းစာနာမှုအကူအညီများပေးအပ်နိုင်ရန် ၄ လကြာ အပစ်ရပ်စဲဖို့ အာဆီယံအထူးသံတမန်တောင်းဆို

    လူသားချင်းစာနာမှုအကူအညီများပေးအပ်နိုင်ရန် ၄ လကြာ အပစ်ရပ်စဲဖို့ အာဆီယံအထူးသံတမန်တောင်းဆို

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၇)

    လူသားချင်းစာနာမှုအကူအညီများ ချောချောမွေ့မွေ့ပေးအပ်နိုင်ရန် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့များအားလုံး (၄) အကြာ အပစ်ရပ်စဲကြရန် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်က တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဗီဒီယိုကွန့်ဖရန့်မှ တစ်ဆင့်တွေ့ဆုံရာတွင် ၂၀၂၁ ခုနှစ် နှစ်ကုန်အထိ အပစ်ရပ်စဲရန် အဆိုပြုခဲ့သည်ကို တပ်မတော်ဘက်က လက်ခံခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ဒါတို အီရာဝန် ယူစွဖ်က ဆိုသည်။

    “ဒါဟာ နိုင်ငံရေးဆိုင်ရာ ပစ်ခတ်မှု ရပ်ဆိုင်းရေး မဟုတ်ပါဘူး။ လူမှု ကယ်ဆယ်ရေး သမားတွေ၊ အကူအညီပေးရေး အဖွဲ့တွေရဲ့ လုံခြုံရေးကို အာမခံ စေလိုတဲ့ သဘောဖြစ်ပါတယ်။ သူတို့ ဘေးကင်းရန်ကင်း အလုပ်တွေ လုပ်နိုင်အောင်ပါ၊ အပစ်ရပ်ရေးနဲ့ ပတ်သက်လို့ ကျွန်တော်ပြောခဲ့တာကို သူတို့ ဘက်က သဘောမတူတာ မရှိပါဘူး”ဟု ၎င်းကပြောသည်။    

    မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ ကိုဗစ် – ၁၉ ပြသာနာတို့နှင့် ရင်ဆိုင်နေရသဖြင့် အာဆီယံက မြန်မာနိုင်ငံကို ကူညီရန်ပြင်ဆင်နေခြင်းဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် နယ်မြေများကို အိမ်နီးချင်းထိုင်းနိုင်ငံမှတဆင့် ကုန်းလမ်းဖြင့် ပေးဆောင်နိုင်ဖွယ်ရှိကြောင်း သိရသည်။

    လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ကိုဗစ် – ၁၉ များအတွက် အရေးပေါ်အကူအညီလိုအပ်နေသည့် အောက်ဆီဂျင်စက်နှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများကို ၎င်းတို့က မြန်မာပြည်သူများထံ ပေးပို့သွားမည်ဟု ဆိုသည်။

    စစ်တပ်မှ အာဏာရယူပြီးနောက် အတိုက်အခံများနှင့် စစ်တပ်ခေါင်းဆောင်တို့အကြား တွေ့ဆုံဆွေးနွေးရေး လမ်းပွင့်ရန်နှင့် အကြမ်းဖက်မှုများ ရပ်တန့်ရန် အာဆီယံအဖွဲ့မှ ကြိုးပမ်းလျက်ရှိသည်။

    စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်နေသော အကျပ်အတည်းများကို ကူးညီဖြေရှင်းရန်အတွက် အာဆီယံခေါင်းဆောင်များ သဘောတူညီချက် (၅) ချက်ကို ထုတ်ပြန်ခဲ့ပြီးနောက် ယင်းလ အစောပိုင်းတွင် ဒါတို အီရာဝန် ယူစွဖ်ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

    အလားတူ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် အစိုးရ၊ တပ်မတော်သည်လည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ EAOs များသည်လည်းကောင်း အပစ်ရပ်စဲရေးကို မကြာခဏဆိုသလို ထုတ်ပြန်လေ့ရှိကြသော်လည်း လက်တွေ့အရ စစ်မြေပြင်များတွင် တိုက်ပွဲများလျော့ကျသွားခြင်း မရှိခဲ့ပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts