Tuesday, March 10, 2026
More
    spot_img
    HomeCovid 19မွန်ပြည်သစ်ပါတီတပ်ဖွဲဝင်များအားလုံး ကိုဗစ်ကာကွယ်ဆေးထိုးနှံရမည်ဟု အမိန့်ထုတ်ပြန်ထား

    မွန်ပြည်သစ်ပါတီတပ်ဖွဲဝင်များအားလုံး ကိုဗစ်ကာကွယ်ဆေးထိုးနှံရမည်ဟု အမိန့်ထုတ်ပြန်ထား

    -

    မွန်သတင်းအေဂျင်စီ (၇ စက်တင်ဘာ ၂၀၂၁)

    မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များအားလုံး ကိုဗစ်ကာကွယ်ဆေး မဖြစ်မနေထိုးနှံရမည်ဟု အမိန့်ထုတ်ပြန်ထားကြောင်း မွန်ပြည်သစ်ပါတီဗဟို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီက ဥက္ကဌ၏ ယမန်နေ့ အင်တာဗျူးတရပ်တွင် ပြောဆိုခဲ့သည်။

    မွန်ပြည်သစ်ပါတီဗဟို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဥက္ကဌ နိုင်ဗညားလယ်က “ ကျနော်တို့ပါတီအနေနဲ့ ပြည်သူလူထုအတွက် ကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်းနှိုးဆော်ထားတာသလို ပညာပေးစာရွက်တွေကိုလည်း ဖြန့်ဝေပေးပါတယ်၊ ဒီလောက်တောင် စာတွေထုတ်ပြန်ထားပေမယ့်လည်း ကျနော်တို့ ပါတီဝင်ရဲဘော်တွေနဲ့ မှီခိုသူမိသားစုဝင်တွေ ကာကွယ်ဆေးလာမထိုးကြဘူး ဒါကြောင့် အခုဆိုရင် ပါတီအနေနဲ့ ပြန်လည်သုံးသပ်ပြီးတော့ အမိန့်တရပ်အနေနဲ့ ထုတ်ပြန်လိုက်တယ်၊ ပါတီဝင်ရဲဘော်တိုင်း မဖြစ်မနေကာကွယ်ဆေးထိုးရမယ်ဆိုပြီး အမိန့်ထုတ်လိုက်တယ်” ဟု ဆိုသည်။

    အစိုးရကျန်းမာရေးဌာနနှင့်ပူးပေါင်း၍ မွန်ပြည်သစ်ပါတီနယ်မြေအတွင်းရှိ တပ်ဖွဲ့ဝင်များနှင့် မှီခိုသူမိသားစုဝင်များ၊ ပရဟိတဆောင်ရွက်သူများနှင့် ဌာနဆိုင်ရာဝန်းထမ်းအသီးသီးအတွက် ကာကွယ်ဆေးအလုံးရေ ၅၀၀၀ ထိုးနှံပေးရန် သဘောတူထားကြောင်းလည်း နိုင်ဗညားလယ်က ဆက်ပြောသည်။

    ကိုဗစ်ကာကွယ်ဆေးပထမအကြိမ်ကို ဝယ်ဇင်၊ ဂနီ ရွာဘက်ခြမ်းတွင် ထိုးနှံပြီးစီးခဲ့ပြီး ဗဟိုဌာနချုပ်အနီး ပနန်းပုံ၊ ညီစားစခန်း၊ သထုံခရိုင်(ကော့ကရိတ်မြို့နယ်)၊ မော်လမြိုင်ခရိုင် တောင်ပေါက် ၂၄ ရွာ(ကြာအင်းဆိတ်ကြီးမြို့နယ်) နှင့် ထိုင်းနယ်စပ် ဂျပန်ရေတွင်းတို့တွင် ကာကွယ်ဆေးထိုးနှံရန် ပြင်ဆင်လျှက်ရှိသည်။

    မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်မှ တာဝန်ရှိသူတစ်ဦးက “ကျွန်ုတော်တို့မှာ ကာကွယ်ဆေးထိုးဖို့ လူအယောက် ၈၀၀ စာ ခွဲတမ်းရထားတယ်၊ အခု စာရင်းပေးထားတာ လူ ၂၀၀ မပြည့်သေးပါဘူး၊ အများစုက စိတ်အားမသန်ကြဘူး”ဟု ပြောသည်။

    လူမှုကွန်ရက်များပေါ်တွင် ကာကွယ်ဆေးအကြောင်းနှင့်ဆက်စပ်၍ အသက်အန္တရာယ်ရှိနိုင်သည်ဆိုသည့် ကောလာဟလများကြောင့် ပြည်သူအများစု ကာကွယ်ဆေးထိုးနှံရန် တွန့်ဆုတ်လျှက်ရှိကြောင်း သိရသည်။

    ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ပေါက်ရွာမှ အမျိုးသမီးတစ်ဦးက “ကာကွယ်ဆေးထိုးခွင့်ရပါတယ် စာရင်းမပေးချင်ဘူး၊ သူများတကာ ပြောနေကြတာပေါ့လေ ကိုယ့်မှာရောဂါအခံရှိနေရင် ဆေးမထိုးသင့်ဘူးဆိုတော့ ကျမမှာ သွေးတိုးရော ဆီးချိုပါ နာတာရှည်ရောဂါရှိနေတော့ အန္တရာယ်ဖြစ်မှာစိုးလို့ပါ” ဟု ယူဆပြောဆိုခဲ့သည်။

    သို့ရာတွင် ကင်ဆာ၊ သွေးတိုး၊ နှလုံး၊ ဆီးချိုအစရှိသော နာတာရှည်ရောဂါဝေဒနာရှင်များအနေဖြင့် ကိုဗစ်ရောဂါဖြစ်ပွားလာသည့်အခါ ဝေဒနာပိုမိုခံစားရမည်ဖြစ်ပြီး အသက်အန္တရာယ်လည်း စိုးရိမ်ရသည့်အတွက် ကာကွယ်ဆေးပိုထိုးသင့်သည့် အုပ်စုထဲတွင်ပါဝင်နေကြောင်း ကျန်းမာရေးပညာရှင်များက ပညာပေးပြောဆိုထားသည်။

    မွန်ပြည်သစ်ပါတီ တပ်တည်ခွင့်ရထားသည့် နေရာများဖြစ်သော ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ သထုံခရိုင် ဌာနချုပ်အနီးရှိ ဝယ်ရက်ရွာ၊ ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့နယ် ဗလဲ့ဒွန်ဖိုက်စခန်း၊ မော်လမြိုင်ခရိုင်အခြေစိုက်ရာ ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ပေါက်ကျေးရွာ၊ ထားဝယ်ခရိုင် ဝယ်ဇင်ကျေးရွာနှင့် ရေးချောင်းဖျားဒေသ ပနန်းပုံ ကျေးရွာများ၌ ကိုဗစ်ကုသရေးယာယီဆေးရုံများ ဖွင့်လှစ်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks