spot_img
Tuesday, February 17, 2026
More
    spot_img
    HomeCovid 19ကျေးလက်နေပြည်သူများ ကိုဗစ်ကာကွယ်ဆေးထိုးရကောင်းမှန်းမသိသေး၊ နားလည်လက်ခံနိုင်မှုအားနည်း

    ကျေးလက်နေပြည်သူများ ကိုဗစ်ကာကွယ်ဆေးထိုးရကောင်းမှန်းမသိသေး၊ နားလည်လက်ခံနိုင်မှုအားနည်း

    -

    မွန်သတင်းအေဂျင်စီ ( ၂၀၂၁ စက်တင်ဘာ-၁)

    လက်ရှိဖြစ်ပေါ်နေသော ကိုဗစ် ၁၉ ကပ်ရောဂါဘေးကာလအတွင်း ကာကွယ်ဆေးတမျိုးမျိုး စနစ်တကျထိုးနှံထားနိုင်မှသာ အသက်အန္တရာယ်ဘေးက လွတ်မြောက်နိုင်သည့်အခြေအနေအောက်တွင် ကျေးလက်နေပြည်သူများအနေဖြင့် ကာကွယ်ဆေးထိုးရကောင်းမှန်းမသိသေးဖြစ်နေကြပြီး နားလည်လက်ခံနိုင်မှုလည်း အလွန်အားနည်းနေသေးကြောင်း ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။

    မွန်ပြည်နယ် ၁၀ မြို့နယ်တွင် သက်ဆိုင်ရာကျန်းမာရေးဌာနခွဲအသီးသီးက ယခုရက်များအတွင်း ဒုတိယအကြိမ် ကိုဗစ် ၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း၊ အထူးဦးစားပေးအစီအစဥ်အရ အသက် ၆၅ နှစ်အထက်လူကြီးများ၊ ရဟန်းသံဃာတော်၊ သီလရင်များအပြင် အစိုးရဝန်ထမ်းများ၊ ပရဟိတဝန်ထမ်းများနှင့် စျေးဆိုင်သမားများ ကာကွယ်ဆေးထိုးနှံနေဆဲဖြစ်ကြောင်း တွေ့ရှိရသည်။

    လမိုင်းမြို့နေ မွန်လူငယ်အမျိုးသမီးတစ်ဦးက “ကာကွယ်ဆေးထိုးဖို့ ကျမတို့မန်နေဂျာက စာရင်းသွင်းပေးပါတယ်၊ ပထမအကြိမ်ထိုးပြီးပြီ၊ အခုရက်တွေမှာ ဒုတိယအကြိမ်သွားထိုးဖို့ရှိပါတယ်၊ ဘာဖြစ်လို့ထိုးရသလဲဆိုရင် ကျမက စျေးရောင်းတယ်လေ၊ လူအများ Customer တွေနဲ့ ထိတွေ့နေရတော့ အကာအကွယ်ပြုထားရတာပေါ့နော်၊ ကာကွယ်ဆေးထိုးလိုက်ရရင် ကောင်းမှာပဲ တွေးမိပြီး ပထမအကြိမ်ထိုးဖြစ်ခဲ့တာပေါ့ ပြီးတဲ့လ ၇ ရက်နေ့ နောက်ဆုံးရက်မှာထိုးဖြစ်ခဲ့တယ်၊ ဒုတိယအကြိမ်ထိုးရမယ့်နေ့က လာမယ့် ၃ ရက်နေ့နဲ့ ၅ ရက်နေ့တွေမှာဖြစ်နိုင်တယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ယခုရက်ပိုင်းအတွင်း ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံရာတွင် လူသစ်များကာကွယ်ဆေးထိုးလိုပါက စာရင်းပေးသွင်းကြပါရန် ကျန်းမာရေးဌာနခွဲက အသိပေးနှိုးဆော်ထားကြောင်း ရေးမြို့နယ် အာရုတောင်ကျေးရွာမှ မွန်လူငယ်တစ်ဦးက ဆိုသည်။

    “ကျနော်ကတော့ ကာကွယ်ဆေးမထိုးဖြစ်သေးဘူး ကိုယ်လည်းကျန်းမာနေတာပဲ၊ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုရှိနေတော့ မထိုးဖြစ်သေးတာပါ၊ တခါတလေတော့ ထိုးဖို့စိတ်ကူးမိပါတယ် ဒါပေမယ့် လောလောဆယ် မထိုးလည်း နေလို့ရပါသေးတယ် ဆိုတော့ မထိုးဖြစ်ပါဘူး၊ နိုင်ငံရေးနဲ့လည်း မဆိုင်ပါဘူး၊ ရေးမြို့ပေါ်အထိ တက်ပြီးဆေးသွားထိုးရမှာဆိုတော့ လူအများတွေနဲ့လည်း အရှုပ်မခံချင်လို့ပါ” ဟု ၄င်းက ပြောသည်။

    သို့ရာတွင် ကာကွယ်ဆေးအမျိုးအစားကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြည်သူများအနေဖြင့် သက်ဆိုင်ရာကျန်းမာရေးဌာနခွဲက ချလာပေးမည့်ကာကွယ်ဆေးကိုသာ ထိုးနှံရမည်ဖြစ်ကြောင်း၊ မိမိစိတ်ကြိုက်ဖြစ်မည့်ကာကွယ်ဆေးအမျိုးအစားကို ရွေးချယ်ခွင့်ရှိမည်မထင်ကြောင်း အမည်မဖော်လိုသော ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက မွန်သတင်းအေဂျင်စီကို ပြောသည်။

    “WHO က ခွင့်ပြုထားတဲ့ ဘယ်ကာကွယ်ဆေးမဆို ထိုးခွင့်ရခဲ့ရင် ထိုးသင့်ပါတယ်၊ ကျနော်တို့မှာက အိန္ဒိယဆေး တရုပ်ဆေး ဘယ်ဟာကောင်းတယ် ဘယ်ဟာမကောင်းဘူးဆိုပြီး ကျနော်တို့အနေအထားမှာ ဝေဖန်ပြောဆိုနိုင်တယ်ဆိုပေမယ့် နိုင်ငံတော်က ပို့လာပေးတဲ့ဆေးအမျိုးအစားကိုပဲ ထိုးနှံရမှာပါ၊ ဆေးအမျိုးအစားကောင်းကောင်းရတော့မှ ကာကွယ်ဆေးထိုးမယ်ဆိုရင် ဘယ်အချိန်ရောက်လာမလဲဆိုတာကို ဘယ်သူမှလည်း မပြောနိုင်ပါဘူး၊ အဲဒါကြောင့် အခုလိုအချိန် ကာကွယ်ဆေးထိုးဖို့ အခွင့်အလမ်းပေါ်လာတာနဲ့ဆိုရင်ပဲ ချက်ချင်းမဆိုင်းမတွ ထိုးကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ၄င်းက ဆိုသည်။

    ယခုနှစ်ကုန်ပိုင်းတွင် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံလူဦးရေ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးအပြီးထိုးနှံနိုင်ရန် နစကအိမ်စောင့်အစိုးရ စီစဥ်ထားပြီး တစ်လလူဦးရေ ၅ သန်းနှုန်းထိုးနှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

    ထို့အပြင် နိုင်ငံပေါင်း ၁၆၀ ကျော်တွင် ကာကွယ်ဆေး အလုံအလောက်မရသည့် ပြဿနာရင်ဆိုင်ခဲ့ရကြောင်း၊ WHO ထုတ်ပြန်ချက်အရ ကာကွယ်ဆေး ၈၅% ကို ချမ်းသာသည့် နိုင်ငံများက စီမံခန့်ခွဲနေကြောင်း၊ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ကာကွယ်ဆေးအလုံအလောက်ရရှိနိုင်ရန် ရုန်းကန်ကြိုးပမ်းနေရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီကပြောသည်။

    ရေးမြို့ထွေအုပ်ရုံးတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံစဥ် (Nai Myo Aung)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks