Homeသတင်းမူးယစ်ဆေးဝါးရေးမြို့နယ် ကျောက်မိချောင်းရွာအနီး ရာဘာခြံတဲတစ်ခုတွင် မူးယစ်ဆေးပြားဖမ်းမိ

ရေးမြို့နယ် ကျောက်မိချောင်းရွာအနီး ရာဘာခြံတဲတစ်ခုတွင် မူးယစ်ဆေးပြားဖမ်းမိ

-

မွန်သတင်းအေဂျင်စီ (၃၁ သြဂုတ် ၂၀၂၁)

ရေးမြို့နယ် ကျောက်မိချောင်း(တောင်)ရွာအနီး ရာဘာခြံတဲတစ်ခုတွင် မူးယစ်ဆေးပြား ရောင်းချနေသည့်သတင်းအရ ဇာနည်အောင် အသက် (၃၁) နှစ်အား ယမန်နေ့က ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။

ရေးမြို့အခြေစိုက် မူးယစ်အထူးတပ်ဖွဲ့တပ်စု (၃၉) က ယမန်နေ့ နံနက် ၁၀း ၄၅ နာရီအချိန်ခန့်တွင် မူးယစ်ဆေးပြားရောင်းချနေသည့်အသတင်းအရ အဆိုပါ ရာဘာခြံတဲသို့ နေအိမ်ရှာဖွေခွင့်ဝရမ်းနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ရာ WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၂၅ ပြား ထည့်ထားသည့် အစိမ်းရောင်အဖုံးပါ အဖြူရောင်ကော်ဗူးအား လက်ဝယ်တွေ့ရှိသဖြင့် သက်သေများရှေ့မှောက်၌ ဖမ်းဆီးခဲ့ကြောင်း ရေးမြို့မ ရဲစခန်းမှ သိရသည်။  

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများလက်ဝယ်တွေ့ရှိသူ ဇာနည်အောင် (အဘ) ဦးဆန်းအောင်၊ အလုပ်အကိုင်-ကျဘမ်းအား ရေးမြို့မရဲစခန်း၌ မယ(ပ) ၄၉/၂၀၂၁၊ မူး/စိတ် ပုဒ်မ ၁၉(က) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။  

“ရေးမြို့နယ်အတွင်းမှာ အမည်မသိ သေနတ်သမားလို လူသတ်မှုတွေက မကြာခဏဖြစ်ပေါ်နေတယ်၊ တရားဥပဒေစိုးမိုးမှုက အရမ်းအားနည်းတယ်၊ ရဲတပ်ဖွဲ့တွေက မြို့ပေါ်လုံခြုံရေးကို အဓိကဦးစားပေးနေရတော့ မူးယစ်ဆေးဝါးတွေကို အရင်ကထက်စာရင် အဖမ်းအဆီးနည်းလာတယ်၊ အခုလိုအချိန်မှာ မူးယစ်ဆေးဝါးဖြန့်ဖြူးတဲ့ဂိုဏ်းတွေအတွက် အခွင့်အလမ်းတစ်ခုလို ဖြစ်နေတာကို သတိထားမိလာတယ်” ဟု ရေးမြို့နယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသူတစ်ဦးက ဆိုသည်။  

အလားတူ မော်လမြိုင်မြို့၊ ကမ်းနားလမ်းတွင် သြဂုတ်လ ၂၇ ရက်နေ့ ညဦးပိုင်းအချိန်က မွန်ပြည်နယ်ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့သည် မသင်္ကာဖွယ်ရပ်တန့်ထားသော HONDA FIT ယာဉ်ပေါ်ရှိ လှမျိုးအောင် ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၇၇ဝ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၃၈.၅ သိန်း) ရှာဖွေတွေ့ရှိသဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း CCDAC MYANMAR တွင် ဖော်ပြသည်။


ထို့အပြင် မွန်ပြည်နယ်ရဲတပ်ဖွဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ Ocean စင်တာ ကားရပ်နားကွင်းတွင် သြဂုတ်လ ၁၉ ရက်နေ့က စောကျော်ထူးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၆ ပြားနှင့် မောင်ငံရပ်ကွက်ရှိ ၎င်း၏နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၆ဝ ပြား၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၄၂၅၆ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၂၁၂.၈ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts