HomeCovid 19သံဖြူဇရပ်အောက်ဆီဂျင်စက်ရုံမှ ၆ ရက်အတွင်း ၄၀ လီတာအိုး ၁၅၀၀ ကျော် ဖြည့်ပေးနိုင်ခဲ့

သံဖြူဇရပ်အောက်ဆီဂျင်စက်ရုံမှ ၆ ရက်အတွင်း ၄၀ လီတာအိုး ၁၅၀၀ ကျော် ဖြည့်ပေးနိုင်ခဲ့

-

မွန်သတင်းအေဂျင်စီ(၃၁ သြဂုတ် ၂၀၂၁)

သံဖြူဇရပ်အောက်ဆီဂျင်စက်ရုံမှ စတင်လည်ပတ်သည့်နေ့ရက်မှ ယနေ့ ၆ ရက်အတွင်း ၄၀ လီတာအိုး ၁၅၀၀ ကျော် ဖြည့်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံကြီးအတွက် ၄၀ လီတာအိုးပေါင်း ၅၀ ကို နေ့စဉ်အခမဲ့ပေးပို့နိုင်ခဲ့ပြီး စက်ရုံရေရှည်လည်ပတ်နိုင်ရေးအတွက် အောက်ဆီဂျင်လာရောက်ဖြည့်သွင်းသူများထံမှ အသက်သာဆုံးနှုန်းထားဖြင့် အခကြေးငွေယူ ဝန်ဆောင်ဖြည့်သွင်းပေးလျက်ရှိကြောင်း စက်ရုံဖြစ်မြောက်ရေးကော်မတီဝင် နိုင်မင်းလတ်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။  

နိုင်မင်းလတ်က “ liquid ဓါတ်ငွေ့ရည်စနစ်ဖြစ်တဲ့အတွက် ပြန်ဖြည့်ဝယ်ရမယ်ဆိုတော့ ၄၀ လီတာအိုးကို ၁၂၀၀၀ ကျပ်ယူပါတယ် လောလောဆယ် နေက်ထပ်ဖြည့်မယ့် liquid ဓါတ်ငွေ့ရည်မှာယူထားပါတယ် နောက်ထပ်ရောက်လာမယ့် liquid ဓါတ်ငွေ့ရည်နဲ့ ချိန်ဆပြီးဖြည့်ပေးနေပါတယ်” ဟု ဆိုသည်။

လတ်တလောတွင် ရပ်ဝေးရပ်နီးဒေသမရွေး ပုဂ္ဂိုလ်တစ်ဦးချင်းနှင့် ပရဟိတအဖွဲ့အစည်းအသီးသီးတို့က မိမိတို့အောက်ဆီဂျင်အိုးများယူဆောင်လာ၍ နေ့စဉ်လာရောက်ဖြည့်သွင်းနေကြောင်း၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ ကျေးရွာများအပြင် ရေး၊ ချောင်းဆုံ၊ မုဒုံနှင့် မော်လမြိုင်မြို့နယ်တို့မှ လာရောက်ဖြည့်သွင်းလျက်ရှိကြောင်း ၎င်းကဆိုသည်။

သံဖြူဇရပ်အောက်ဆီဂျင်စက်ရုံတွင် တစ်နာရီလျင် ၄၀ လီတာအိုးအလုံး ၆၀ ဖြည့်ပေးပြီး သြဂုတ်လ ၂၅ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံကြီးအတွက် တစ်နေ့လျင် ၄၀ လီတာအိုးအလုံး ၆၀ ထွက်ရှိမည့်  PSA Type နောက်ထပ်အောက်စီဂျင်စက်ရုံတစ်ရုံကိုလည်း တည်ဆောက်လျက်ရှိကြောင်း သိရသည်။

အလားတူ မွန်ဒေသလုံးဆိုင်ရာ ကပ်ဘေးကာကွယ်ထောက်ပံ့ရေးကော်မတီ ဦးဆောင်၍ မော်လမြိုင်မြို့ ရာမညရဌ ဗုဒ္ဓတက္ကသိုလ်တွင် တည်ဆောက်ဆဲဖြစ်သည့်် အောက်ဆီဂျင်စက်ရုံသည်လည်း ယခုစက်တင်ဘာလလယ်၌ ပြီးဆုံးနိုင်မည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဘိုးနက်ဆရာတော် ဘဒ္ဒန္တ ဝရဝံသက မိန့်ကြားထားသည်။

“မကြာတော့ပါဘူး စက်ရုံက တိုင်ထောင်ပြီး အမိုးမိုးပြီးရင် ပြီးတော့မှာပါ ဒီတစ်ရက်နှစ်ရက်အတွင်းမှာပဲ စက်ပစ္စည်းရောက်လာတော့မယ် စက်ရုံပြီးသွားရင်တော့ တစ်နာရီကိုအောက်ဆီဂျင် လီတာ ၄၀၀ ထုတ်ပေးနိုင်လိမ့်မယ်” ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။

အလားတူ ဘီးလင်း၊ သထုံ၊ ပေါင်နှင့် မုဒုံမြို့နယ်တို့တွင်လည်း ဒေသခံများအစီအစဉ်ဖြင့် အောက်ဆီဂျင်စက်ရုံများတည်ဆောက်လျက်ရှိပြီး မကြာမီကာလအတွင်း စတင်ထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပေါ်ခဲ့သည့် ဇူလိုင်နှင့် သြဂုတ် ၂ လအတွင်း မွန်ပြည်နယ်၌ အတည်ပြုလူနာ တစ်သောင်းတစ်ထောင် (၁၁,၀၀၀) ကျော်ရှိခဲ့သည့်အနက် သေဆုံးသူတစ်ထောင် (၁၀၀၀) ကျော်ရှိခဲ့ကြောင်း၊ ဆေးရုံအသီးသီးတွင် လူနာအရေအတွက် ရုတ်တရက်တိုးများလာပြီး အောက်စီဂျင်မလုံလောက်မှုကြောင့် လူနာအများအပြား သေဆုံးခဲ့ရကြောင်း၊ ထို့ကြောင့် မြို့နယ်တိုင်းတွင် ဒေသခံများက မိမိတို့အစီအစဉ်ဖြင့် အောက်ဆီဂျင်ထုတ်လုပ်သည့် စက်ရုံများတည်ဆောက်ခဲ့ကြောင်း တွေ့ရှိရသည်။ 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts