spot_img
Friday, January 23, 2026
More
    spot_img
    HomeCovid 19ကိုဗစ်နှင့် သဘာဝဘေးဒဏ်အကူအညီရံပုံငွေ မွန်အဆိုတော်များ ယနေ့ညတွင် Live Show သီဆိုထုတ်လွှင့်မည်

    ကိုဗစ်နှင့် သဘာဝဘေးဒဏ်အကူအညီရံပုံငွေ မွန်အဆိုတော်များ ယနေ့ညတွင် Live Show သီဆိုထုတ်လွှင့်မည်

    -

    မွန်သတင်းအေဂျင်စီ (၂၄ သြဂုတ် ၂၀၂၁)

    မွန်ဒေသများအတွင်း ကိုဗစ်ရောဂါကာကွယ်ကုသရေးနှင့် သဘာဝဘေးဒဏ်အန္တရာယ်အတွက် ကူညီထောက်ပေးရေး ရံပုံငွေအလှူခံပွဲတစ်ရပ်ကို မွန်အဆိုတော်များက ယနေ့ညပိုင်းအချိန်တွင် Live Show အစီအစဉ် သီဆိုထုတ်လွှင့်မည်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

    မွန်ရေးရာအဖွဲ့ MAA, မွန်စီးပွားရေးလုပ်ငန်းရှင်များအသင်း MEA, မွန်စာရေးဆရာအသင်း MWA, မွန်ဂီတအစည်းအရုံး MMA နှင့် အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း(ရှင်စောပု) တို့ပူးပေါင်း၍ အဆိုပါ ရံပုံငွေအလှူခံပွဲကို မော်လမြိုင်မြို့ Royal Hinthar Hotel မှ ယနေ့ည ၇ နာရီတွင်စတင်၍ မွန်သီချင်းများဖြင့် မွန်သတင်းအေဂျင်စီ၊ ဟင်္သာမီဒီယာ၊ မွန်စီးပွားရေးလုပ်ငန်းရှင်များအသင်း MEA နှင့် Suvarna Citylife Facebook Page များ၌ ဖြေဖျော်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း MAA ဒုဥက္ကဌ မင်းဗညားစန်းက ပြောသည်။

    မင်းဗညားစန်းက “အခုလိုကပ်ရောဂါဘေးဆိုက်ရောက်နေတဲ့ကာလမှာ မိမိတို့စွမ်းဆောင်နိုင်တဲ့ဘက်က ရံပုံငွေရှာပေးတဲ့ ပွဲတစ်ခုပေါ့၊ ပရိသတ်မပါ၊ အတီးသမားတွေနဲ့ အဆိုတော် ရိုက်ကူးရေးအဖွဲ့တွေပဲရှိမှာပါ၊ ကပ်ရောဂါနဲ့ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန် ဗဟုသုတ ပညာရေးအစီအစဉ်တွေလည်းပါရှိမယ်၊ ကာကွယ်ဆေးတွေထိုးဖို့ ပညာပေးတာ၊ နောက်ပြီး ပြည်တွင်းပြည်ပက အလှူရှင်တွေ တိုက်တွန်းနှိုးဆော်တာ၊ မွန်ဒေသလုံးဆိုင်ရာ ကိုဗစ် ၁၉ ကပ်ဘေးဆိုင်ရာ ကာကွယ်ထောက်ပံ့ရေးကော်မတီကို အလှူငွေတွေထည့်ဝင်ပေးကြဖို့ အဆိုတော်တွေက တေးသီချင်းတွေ သီဆိုဖြေဖျော်ပြီး အသိပေးနှိုးဆော်တဲ့အစီအစဉ်ပါ” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ကပ်ဘေးဆိုင်ရာအကူအညီထောက်ပံ့ပေးရေးအတွက် နွေရာသီ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအသင်း (မွန်ဒေသလုံးဆိုင်ရာ)၊ ရာမညနိကာယ ပရဟိတ (မွန်ဒေသလုံးဆိုင်ရာ)၊ မွန်ရဟန်းပျိုအဖွဲ့၊ ရာမညရဌ ဗုဒ္ဓတက္ကသိုလ် (မော်လမြိုင်)၊ မွန်လူငယ်များဆုံရပ် MYF, အအာခရီးအဖွဲ့၊ ပုပ္ဖဟံသာအခြေခံပညာရေး (သံဖြူဇရပ်မြို့နယ်)၊ မွန်တစ်မျိုးသားလုံး၏ ဟံသာပရဟိတအဖွဲ့နှင့် ဒေါက်တာအောင်ဦး ပရဟိတအဖွဲ့တို့ ပေါင်းစည်း၍ မွန်ဒေသလုံးဆိုင်ရာ ကိုဗစ် ၁၉ ကပ်ဘေးဆိုင်ရာ ကာကွယ်ထောက်ပံ့ရေးကော်မတီကို ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်တွင် ဖွဲ့စည်း၍ လှုပ်ရှားလျက်ရှိသည်။ 

    “အခုလိုကာလမျိုးတွေမှာ ကျနော်တို့တတွေ အပြင်ထွက်လိုလည်းမဖြစ်သလို လူစုလူဝေးနဲ့ သွားလာလို့လည်း မရနိုင်ပါဘူး၊ ဒါကြောင့် လေလှိုင်းပေါ်ကနေပဲ အကူအညီတွေတောင်းခံတဲ့ Live Show အစီအစဉ်ကို ခုလိုလုပ်ဖို့ စဉ်းစားမိပါ၊ အဲဒါကြောင့် ကျနော်တို့ ၅ ဖွဲ့ ဆွေးနွေးတိုင်ပင်ကြပြီး မွန်ဒေသလုံးဆိုင်ရာ ကိုဗစ် ၁၉ ကပ်ဘေးဆိုင်ရာ ကာကွယ်ထောက်ပံ့ရေးကော်မတီကို ဝန်းရံပေးတာဖြစ်ပါတယ်” ဟု မင်းဗညားစန်းက ဆိုသည်။

    ယခု Live Show အစီအစဉ်သည် ပဏာမဖြေဖျော်မှုသာဖြစ်ပြီး နောက်ပိုင်းတွင် လက်ရှိမွန်ခေတ်ပေါ်တီဝိုင်း Music Band များဖြင့် အလှည့်ကျစီစဉ်သွားရန် စဉ်းစားထားကြောင်း မွန်ဂီတအစည်းအရုံး ဒုဥက္ကဌ နိုင်ဗညားအောင်က ပြောသည်။

    “မွန်ပြည်နယ်မှာ လောလောဆယ် Mon Music Band ၆ ခုလောက် အဆင်သင့်ရှိနေပါတယ်၊ တီးဝိုင်းမှာ ပင်တိုင်မပါဝင်တဲ့ အဆိုတော်တွေလည်းရှိပါသေးတယ်။ အခုလိုအစီအစဉ်တွေမှာ မွန်တီးဝိုင်းတွေ အဆိုတော်တွေအားလုံး လွှမ်းခြုံပြီးတော့ပါဝင်သွားနိုင်အောင် ကျနော်တို့ မွန်ဂီတအစည်းအရုံးအနေနဲ့ ဆက်လက်ပြီး အကောင်အထည်ဖော်သွားဖို့ရှိပါတယ်၊ နှစ်ပတ်တစ်ကြိမ် ဒါမှမဟုတ် တစ်လတစ်ကြိမ်လုပ်သွားမှာလား တိုင်ပင်ရဦးမယ်” ဟု ၎င်းက ဆိုသည်။

    ထို့အပြင် မွန်ရေးရာအဖွဲ့နှင့်အတူ အခြားသော အရပ်ဖက်မွန်အဖွဲ့အစည်းများပူးပေါင်း၍ မကြာမီရက်ပိုင်းများတွင် မွန်ကျေးလက်ဒေသများသို့သွားရောက်ပြီး အစားအသောက်နှင့် ဆေးဝါးများဝေငှပေးမည့်အစီအစဉ်များ ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

    နစကကောင်စီတွင် မွန်ညီညွတ်ရေးပါတီ MUP ကိုယ်စားလှယ်ပါဝင်သွားသဖြင့် ဝါရင့်မွန်နိုင်ငံရေးအချို့အစုလိုက်အပြုံလိုက် ပါတီမှနုတ်ထွက်လိုက်ပြီးနောက် နိုင်ငံရေးနှင့်မပတ်သက်သော လူမှုအသင်းအဖွဲ့ဖြစ်သည့် မွန်ရေးရာအဖွဲ့ MAA ကို ဖွဲ့စည်းလိုက်ပြီး ၄င်းတို့သည် ပရဟိတလုပ်ငန်းများကိုသာ ဆောင်ရွက်လုပ်ကိုင်သွားကြမည်ဟု ထုတ်ဖော်ပြောကြားထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts