HomeCovid 19ဟင်းသီးဟင်းရွက်များကို မွန်လူငယ်ပညာပေးအဖွဲ့ MYEO အခမဲ့ဝေငှထောက်ပံ့ပေး

ဟင်းသီးဟင်းရွက်များကို မွန်လူငယ်ပညာပေးအဖွဲ့ MYEO အခမဲ့ဝေငှထောက်ပံ့ပေး

-

မွန်သတင်းအေဂျင်စီ (၂၁ သြဂုတ် ၂၀၂၁)

ကိုဗစ်ကပ်ရောဂါတတိယလှိုင်း ကူးစက်နေသည့်လက်ရှိကာလတွင် အခြေခံလူတန်းစားများအတွက် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်များကို မွန်လူငယ်ပညာပေးအဖွဲ့ MYEO က မွန်ပြည်နယ်ဒေသအသီးသီးသို့ ယမန်နေ့တွင် အခမဲ့ဝေငှထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။

အခြေခံလူတန်းစားပြည်သူများအတွက် ကော်ဖီထုပ်၊ ပန်းကော်ဖီ၊ ရွှေဖယုံသီး၊ ခရမ်းချဉ်သီး၊ မုန်ညင်းရွက် စသည့်ဟင်းသီးဟင်းရွက်မျိုးစုံ ပိဿာချိန် ၁၄,၅၀၀ ခန့်ကို ငွေကျပ်တန်ဖိုးသိန်း ၃၀ ခန့်အကုန်ကျခံကာ မွန်ပြည်နယ် ၂၆ နေရာကို ပေးပို့နိုင်ခဲ့ကြောင်း သိရသည်။

MYEO အဖွဲ့ဝင် နိုင်စိုက်ရော့က “ ဒီအသီးနှံတွေက ရှမ်းပြည်နယ် အောင်ပန်းကနေ လာတာပေါ့၊ ဒီကာလမှာ စားသုံးသူနဲ့ စိုက်ပျိုးသူအကြားမှာ ဈေးနှုန်းအရမ်းကွာဟမှုဖြစ်နေလို့ ကျွန်တော်တို့ ခုလိုစီစဉ်ဖြစ်တာပါ၊ အခုဟာက ပထမခြေလှမ်းပေါ့နော်၊ အခုတကြိမ်မရလိုက်တဲ့သူတွေအတွက် ဒုတိယအကြိမ်ရှိပါသေးတယ်” ဟု ဆိုသည်။

သီးနှံစိုက်တောင်သူများအဖို့ ထုတ်လုပ်မှုစရိတ်ကြီးမြင့်၍ တွက်ခြေမကိုက်ဖြစ်ကာ စိုက်ပျိုးရေးလုပ်ငန်းများ ရပ်နားထားရသလို စားသုံးသူများအနေဖြင့်လည်း နေ့စဉ်မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်များကို ဈေးမြင့််မားစွာဝယ်ယူသုံးစွဲနေရသည်မှာ မဖြစ်သင့်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်သူနှင့် သုံးစွဲသူများအကြား အဆိုပါကွာဟနေမှုအတွက် အဖြေတစ်ခုရှိဖွေသင့်ကြောင်း ၎င်းကဆိုသည်။ 

အခြေခံလူတန်းများအဖို့ စားဝတ်နေရေးခက်ခဲကြပ်တည်းနေသည့် လက်ရှိအချိန်တွင် သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူလယ်သမားများထံမှ စားသုံးသူမိသားစုများထံသို့ အရောက်ပို့ပေးသည့်အစီစဉ်အဖြစ် MYEO စတင်ဆောင်ရွက်နေသကဲ့သို့ ကျေးလက်တောရွာနေပြည်သူများနေဖြင့် မိမိနေအိမ်ပတ်ဝန်းကျင်အတွင်း စားသုံးသီးနှံပင်များ တနိုင်တပိုင်စိုက်ပျိုးနိုင်ရန်အတွက် သီးနှံမျိုးစေ့များဖြန့်ဝေပေးသည့် အစီစဉ်တစ်ခုကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

အလားတူ မော်လမြိုင်၊ သထုံ၊ ကျိုက်မရော၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်ရှိ လူမှုအဖွဲအစည်းများနှင့် အလှူရှင်များကလည်း မိမိတို့မြို့နယ်အစီအစဉ်ဖြင့် ကပ်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာချိန်တွင် အချင်းချင်းကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ ကိုဗစ်ရောဂါတတိယလှိုင်း မြင့်တက်လာသည့် ဇူလိုင်လမှစ၍ ဆေးဝါးနှင့် အခြေခံစားသောက်ကုန်များ တစ်ဟုန်ထိုးဈေးတက်သွားပြီး အခြေခံလူတန်းစားများအတွက် စားသောက်ရေးအခက်အခဲကြပ်တည်းလာကာ လူမှုကယ်ဆယ်ရေးအသင်းဖွဲ့များထံ ယနေ့ထိတိုင် အကူညီတောင်းခံမှုများရှိနေဆဲ ဖြစ်သည်။

ထို့အပြင် မွန်ပြည်နယ်အတွင်း Stay at home သတ်မှတ်ထားသောကြောင့်  မြို့ပေါ်ရှိ ဘုန်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက်များ ဆွမ်းခံ၊ အလှူခံမကြွရသည်မှာ လနှင့်ချီပြီးဖြစ်သောကြောင့်် အလှူရှင်များကိုနှိုးဆော်၍ ဆွမ်းကွမ်း အခက်အခဲများအတွက် အလှူခံနေရကြောင်း တွေ့ရှိရသည်။

ဆင်းရဲမွဲတေမှုနှုန်း မြင့်မားနေသည့် ယနေ့မြန်မာနိုင်ငံတွင် စစ်ရေးနိုင်ငံရေးပြဿနာ၊ ကိုဗစ် ၁၉ ကပ်ရောဂါဘေးနှင့် သဘာဝဘေးဒဏ်အန္တရယ်တို့ကြောင့် မကြာမီကာလ၌ လူပေါင်း ၃ သန်းခွဲခန့် အငတ်ဘေးဆိုက်ရောက်နိုင်ကြောင်း ကုလသမဂ္ဂလက်အောက်ခံ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ခန့်မှန်းထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts