Homeငြိမ်းချမ်းရေးမော့ကနင်ရွာသား ၃ ဦးကို ကရင်လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွား

မော့ကနင်ရွာသား ၃ ဦးကို ကရင်လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွား

-

မွန်သတင်းအေဂျင်စီ (၂၀ သြဂုတ် ၂၀၂၁)

ရေးမြို့နယ် မော့ကနင်ကျေးရွာအရှေ့ဖက်ခြမ်းရှိ ကရွန်-သရက်နှစ်ပင်လမ်းမပေါ်တွင် ခုတ်လှဲပြီးရာဘာထုလုံးများ မော်တော်ကားဖြင့် သွားရောက်သယ်ဆောင်သူရွာသား ၃ ဦးတို့ကို ကရင်လက်နက်ကိုင်အဖွဲ့က ယမန်နေ့ (သြဂုတ် ၁၉ ) မွန်းလွဲပိုင်းအချိန်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကာယကံရှင် မိသားစုဝင်တစ်ဦးက မွန်သတင်းအေဂျင်စီကို ပြောသည်။

မော့ကနင်-သရက်နှစ်ပင်ဒေသဖွံဖြိုးရေး လမ်းပြုပြင်ရေး ပရဟိတဆောင်ရွက်နေသည့် ဥယာဉ်ခြံလုပ်ကိုင်သူများဖြစ်ကြသော နိုင်ဝိုင် (ခေါ်) နိုင်ကရတ်ချီ အသက် (၆၀) နှစ်၊ နိုင်အောင် အသက် (၄၀) နှစ်၊ နိုင်ဂျောင်းဟံသာ (ခေါ်) အမူ အသက်(၃၂) နှစ်တို့အား လက်နက်ကိုင်အင်အား ၁၀ ဦးခန့်က လမ်းမပေါ်တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဖုန်းအဆက်အသွယ်မရတော့ပါဘူး၊ အဲဒီက ကရင်ရွာသားတွေကို သူတို့တဆင့်လွှတ်လာပြီး အဖမ်းခံထားရတဲ့ကျနော်တို့လူတွေနဲ့ သွားတွေ့ဖို့ ပြောလာတယ်၊ ကျနော်တို့လည်း မသွားရဲဘူး၊ မွန်ပြည်သစ်ရုံးကို သွားတိုင်ထားတယ်” ဟု ဆိုသည်။

သို့ရာတွင် မွန်ပြည်သစ်ပါတီ ရေးမြောက်ပိုင်း မြို့နယ်အုပ်ချုပ်ရေးတာဝန်ခံအား မွန်သတင်းအေဂျင်စီက ဖုန်းအဆက်အသွယ်မရရှိသေးပေ။

“ဒီသရက်နှစ်ပင်လမ်းဟာ အစိုးရလမ်းဖြစ်ပြီးတော့ စည်ပင်က လူအများသွားလာခွင့်ပြုထားတဲ့လမ်းဖြစ်တယ်၊ လမ်းပိတ်ထားတာမရှိဘူး၊ အစိုးရဖွင့်ပေးထားတဲ့လမ်းပေါ်သွားတာ အပြစ်ရှိတယ်ဆိုလို့ ရှင်းစရာရှိရင် မြို့မှာတက်ရှင်းဖို့၊ ကရင်ရွာမှာ သွားရှင်းဖို့ ခေါ်တာကိုတော့ ကျနော်တို့မသွားနိုင်ပါဘူး အဲလိုတဖက်နဲ့တဖက် စကားများကြရင်း ကရင်စစ်သားတွေရောက်လာပြီး လာဖမ်းသွားတာပဲ၊ အရိုက်ခံရတာလည်း ရှိတယ်” ဟု ဆိုသည်။

ထို့အပြင် (၁၆-၈-၂၀၂၁) ရက်နေ့မှစတင်၍ ကရွန် သရက်နှစ်ပင်လမ်းအတွင်း ရာဘာထုလုံးတင်ကားအား လုံးဝ(လုံးဝ) ထပ်မံတင်ဆောင်ခြင်း ဖြတ်သန်းသွားလာခြင်း ခွင့်မပြုပါ၊ ထပ်မံသယ်ဆောင်သည်ကို တွေ့ရှိပါက ထိရောက်စွာ အရေးယူခြင်းခံရမည်။ ပုံ – ကရွန် သရက်နှစ်ပင်လမ်းပြပြင်ထိန်းသိမ်းရေးကော်မတီ ဟူသည့် အထူးသတိပေးချက်စာတစ်စောင်ကို  မွန်သတင်းအေဂျင်စီက လက်ခံရရှိထားသည်။

ထို့အတူ အထက်ပါဖြစ်စဉ်ကို ပိုမိုသိရှိနိုင်ရန် ကရင်အမျိုးသားအစည်းအရုံး KNU ဝင်းရေးမြို့နယ်အား  ဖုန်းဖြင့်ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိသေးပေ။

မွန်ကရင် မဟာမိတ်သဘောတူညီချက်အရ အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ခဲ့ကြရာတွင် မွန်ပြည်သစ်နယ်မြေနှင့် KNU နယ်မြေစသည်ဖြင့်  အတိအကျခွဲဝေပိုင်းခြားထားခြင်းမရှိဘဲ ကရင်ရွာကရင်အုပ်ချုပ်၊ မွန်ရွာမွန်အုပ်ချုပ် စနစ်မျိုးဖြစ်ပြီး အချို့ဒေသတွင် မွန်ကရင်ပူးတွဲအုပ်ချုပ်ရေးဒေသအဖြစ်သတ်မှတ်ထားကြောင်း သိရသည်။  

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts