spot_img
Saturday, January 24, 2026
More
    spot_img
    Homeငြိမ်းချမ်းရေး၇၄ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနား အွန်လိုင်းပေါ်တွင်ကျင်းပသွားမည်

    ၇၄ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနား အွန်လိုင်းပေါ်တွင်ကျင်းပသွားမည်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဩဂုတ် ၁၉)

    လာမည့်ဝါခေါင်လပြည့်-သြဂုတ် ၂၂ ရက်နေ့တွင် ကျရောက်သော ၇၄ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနား အထိမ်းအမှတ်ပွဲကို ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် – ၁၉ ကြောင့် အွန်းလိုင်းမှ တဆင့် Zoom Meeting ဖြင့် လူငယ်များတွေ့ဆုံ ကျင်းပသွားမည်ဟု သိရသည်။

    အခမ်းအနား ဦးဆောင်ကျင်းပသွားမည့် မွန်လူငယ်ဆုံရပ်(MYF) အတွင်းရေးမှူး မင်းဇာနည်ဦးက “လူစုလူဝေးလုပ်လို့ မရဘူးဆိုတော့ အထိမ်းအမှတ်ပွဲအနေနဲ့ ဝါခေါင်လပြည့်နေပေါ့ လိုင်းပေါ်မှာ ဆွေးနွေးသွားမှာပေါ့ တော်လှန်ရေးသမိုင်းအကြောင်း၊ ပြီးခဲ့တဲ့ လှုပ်ရှားမှုတွေ၊ သုံးသပ်မှုတွေ လုပ်သွားဖို့ အစီအစဉ်ရှိတယ်ပေါ့။ အထူးသဖြင့် လိုင်းပေါ်မှာပဲလေ” ဟု ပြောသည်။

    ကိုဗစ် – ၁၉ ကပ်ရောဂါကြောင့် လူစုလူဝေးဖြင့် တော်လှန်ရေးနေ့ အခမ်းအနား လုပ်ဆောင်သွားရန် အဆင်မပြေကြောင်း၊ ကွင်းပြင်မှာဖြစ်ဖြစ် ဘယ်နေရာဖြစ်ဖြစ် မည်သို့မျှ အဆင်မပြေနိုင်ကြောင်း ၎င်းက ဆိုသည်။

    ကမ္ဘာ့နိုင်ငံရပ်ခြားရှိ မွန်များအပါအဝင် မွန်အရေးစိတ်ပါဝင်စားသူအားလုံး လမည့်မွန်တော်လှန်ရေးနေ့တွင် Zoom Meeting မှတဆင့် တွေ့ဆုံဆွေးနွေးကြပြီး လူငယ်များ မျိုးချစ်စိတ်ဓါတ်ရှင်သန်တက်ကြွရေး၊ တော်လှန်ရေးနှင့် ပတ်သက်သည့် သမိုင်းကြောင်းများ၊ ဖြစ်စဉ်များကို ဟောပြောသွားမည်ဟု ကျင်းပရေးကော်မတီဝင် မွန်လူငယ် မိစန္ဒာနွန်က ဆိုသည်။

    “Zoom ကနေပဲ မျိုးချစ်စိတ်‌တွေ တက်ကြွအောင် လူငယ်တွေ အမြင်ကျယ်အောင် ဒီမွန်တော်လှန်ရေးနေ့နဲ့ ပတ်သက်တဲ့ သမိုင်းတွေပေါ့နော်၊ ဖြစ်စဉ်တွေကို ဟောပြောပွဲအနေနဲ့ လုပ်ဖြစ်ပါမယ်” ဟု မိစန္ဒာနွန်က ပြောသည်။

    မွန်တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲတွင် “တော်လှန်ရေးမှ လွတ်လပ်ရေးဆီသို့” စသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ကွယ်လွန်သူမွန်ခေါင်းဆောင်များ၏ အရိုးပြာအုတ်ဂူဌာပနာများထားရှိရာ မုဒုံမြို့နယ် ဝင်းစိန်တောရကျောက်တစ်လုံး အာဇာနည်ကုန်း၊၊ ပေါင်၊ သံဖြူဇရပ်နှင့် မုဒုံမြို့နယ်အသီးသီးသို့ လွမ်းသူ့ပန်းခွေများချသွားရန် စီစဉ်ထားသည်ဟုလည်း သိရသည်။

    “နှစ်စဉ်နှစ်တိုင်း ဒီရက်က မွန်တော်လှန်ရေးနေ့ ရှိနေမှာပဲဆိုတဲ့ပုံစံပေါ့နော်။ လူငယ်တွေ မျိုးချစ်စိတ်တွေ ထကြွအောင် ဒီအခမ်းအနားကို နှစ်စဉ်နှစ်တိုင်း လုပ်ရတာဘဲ။ အခမ်းအနားနဲ့ ကြီးကြီးကျယ်ကျယ်မလုပ်ရပေမယ့် စိတ်ထဲမှာ တစ်မျိုးတော့နေပေမယ့် အဓိက မျိုးချစ်စိတ်ဓါတ်တွေ ရှိနေဖို့ပဲအရေးကြီးတယ်။ လူငယ်တွေကို ဒါပဲပြောချင်တယ်။ ကိုယ့်ကိုကိုယ် ကျန်းမာအောင်နေ။ အဓိက ကိုယ့်လူမျိုးအတွက် ကိုယ့်ဘာသာအတွက် အခန်းကဏ္ဍကနေ ပါဝင်နိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု မိစန္ဒာနွန်က ဆက်ပြောသည်။

    ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် မွန်အမျိုးသားများသည် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရန်အတွက် ဖဆပလ အစိုးရထံ ဥပဒေဘောင်အတွင်း နှစ်ရှည်လများ တောင်းဆိုခဲ့သော်လည်း မရခဲ့သဖြင့် ၁၉၄၈ ခုနှစ် ဝါခေါင်လပြည့်နေ့တွင် မွန်လူငယ်အဖွဲ့ တို့က မော်လမြိုင်အရှေ့ခြမ်း ဇာသပြင်ကျေးရွာရှိ ရဲစခန်းအပါအဝင် ဂျိုင်း မြစ်တစ်လျှောက် ကျေးရွာကြီးတွင်ရှိသည့် ကာကွယ်ရေးလက်နက်များကို စီးနင်းသိမ်းပိုက်ခဲ့ရာမှ မွန်တော်လှန်ရေး အစပျိုးခဲ့သည်ဟု သိရသည်။

    အလားတူ မွန်တော်လှန်ရေးနေ့ အခမ်းအနားများကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေများဖြစ်သည့် သထုံ၊ မော်လမြိုင်၊ ထားဝယ်ခရိုင်၊ ဘုရားသုံးဆူဒေသနှင့် ဗဟိုဌာနချုပ်ရှိရာ ရေးချောင်းဖျားဒေသတို့တွင် အကျဥ်းရုံးကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts