spot_img
Wednesday, February 18, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမော့ကနင်ရွာသစ် ရာအိမ်မှူးတစ်ဦးသေနတ်ပစ်ခံရပြီး ပေါင်တွင်ဒဏ်ရာရရှိ

    မော့ကနင်ရွာသစ် ရာအိမ်မှူးတစ်ဦးသေနတ်ပစ်ခံရပြီး ပေါင်တွင်ဒဏ်ရာရရှိ

    -

    မွန်သတင်းအေဂျင်စီ (၁၄ သြဂုတ်-၂၀၂၁)

    ရေးမြို့နယ် မော့ကနင်ရွာသစ်ကျေးရွာ ရာအိမ်မှူးတစ်ဦး နေအိမ်တွင် ရှိနေစဥ် ယမန်နေ့ (သြဂုတ်-၁၃) ညပိုင်းက အမည်မသိဆိုင်ကယ်စီး သေနတ်သမား ၂ ဦး လာရောက်ပစ်ခတ်သဖြင့် ပေါင်တွင်ဒဏ်ရာရရှိပြီး လမိုင်းမြို့ဆေးရုံသို့ ချက်ချင်းပို့ဆောင်လိုက်ရကြောင်း သတင်းရရှိသည်။

    အမည်မဖော်လိုသော ရွာသားတစ်ဦးက “ည ၇ နာရီကျော်လောက်မှာ ဆိုင်ကယ်နဲ့လာတဲ့ လူ ၂ ယောက်က သေနတ်အတိုနဲ့ ၃ ချက် ဝင်ပစ်သွားတယ် ပေါင်မှာ တစ်ချက်မှန်တယ်၊ ခဏအကြာ ရွာအပြင်ဘက်မှာ သေနတ် ၅-၆ ချက်လောက် မိုးပေါ်ထောင်ပစ်သွားသေးတယ်” ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

    မော့ကနင်ရွာသစ်မှအထွက် နှစ်ကရင်ကျေးရွာသို့အသွား ရွာချင်းဆက်လမ်းမဘေးရှိ နေအိမ်တွင် သေနတ်ပစ်ခံရသည့် အဆိုပါ ရာအိမ်မှူး နိုင်ထိန်းသည် စတီးသံပန်းလုပ်ငန်း လုပ်ကိုင်သူလည်းဖြစ်ပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ကြောင်း ၄င်းကဆိုသည်။

    “ကျေရွာမှာ တော်တော်လေး အားကိုးရတဲ့လူတစ်ယောက်ပါ၊ မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်တွေကို ဖမ်းဆီးတာ ရွာမှာ ဆိုင်ကယ်ဗရမ်းဗတာစီးတဲ့လူငယ်တွေကို ပညာပေးတာ ရွာအတွက် သူတော်တော်လေးလှုပ်ရှားပါတယ်၊ ဒါပေမယ့် ရွာကလူငယ်တချို့တလေ သူ့ကိုနည်းနည်းပါးပါး ကြောက်ရွံ့တာ မြင်လို့မရတာ ရှိချင်ရှိမှာပေါ့” ဟု ဆိုသည်။ 

    ထို့အတူ မော့ကနင်ရွာသစ်တွင် မွန်ပါတီနှင့် မွန်စာပေအသင်းအဖွဲ့လှုပ်ရှားမှုများသာရှိကြပြီး မွန်မှအပ အခြားနိုင်ငံရေးပါတီများနှင့် ဆက်စပ်ပတ်သက်သူမရှိသလောက်ဖြစ်နေကြောင်း၊  မည်သည့်အကြောင်းကိစ္စကြောင့် နိုင်ထိန်းအား လာရောက်လုပ်ကြံပစ်ခတ်ရသည်ကို နားမလည်နိုင်ဖြစ်ရကြောင်း ၄င်းကဆက်ပြောသည်။

    သို့ရာတွင် Yae People Defence Force – YPDF Facebook အကောင့်တစ်ခုက “ယနေ့ည ၇:၃၀ ခန့် မော့ကနင်ရွာသစ်ကျေးရွာက အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကို ပေါင်ကိုပစ်ပြီး သတိပေးလိုက်ပါတယ်၊ အာဏာသိမ်း အကြမ်းဖက်အဖွဲ့ ကို ထောက်တိုင်ပေးနေတဲ့ မည်သူမဆို သတိထားကြပါ၊ ခင်ဗျားတို့ နှုတ်ထွက်ကြပါ စစ်သားနင့် ရဲအပါဝင် CDM လုပ်ကြပါ။ ဗိုလ်ရန်နိုင် YPDF” ဟု လူမှုဆိုရှယ်မီဒီယာတွင် ဖြန့်ဝေထားသည်။

    အလားတူ အဆိုပါ မော့ကနင်ရွာသစ်မှအထွက် နှစ်ကရင်ကျေးရွာသို့အသွား ရွာချင်းဆက်လမ်းမပေါ်တွင် ပြီးခဲ့သည့် ဇူလိုင် (၉) ရက်နေ့ ညနေပိုင်းကလည်း ရွာအနီးရှိ အမြောက်တပ်ရင်းမှ ဗိုလ်ကြီးတစ်ဦး သေနတ်ဖြင့်ပစ်သတ်လုပ်ကြံခံခဲ့ရသည့် လက်သည်တရားခံကိုလည်း သက်ဆိုင်ရာမှ ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks