spot_img
Sunday, January 25, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးစုံနံ့သာကျေးရွာခွဲ အုပ်ချုပ်ရေးမှူးဟောင်းသေနတ်ပစ်ခတ်ခံထိ မော်လမြိုင်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ထား၊ ပစ်ခတ်သူမှာ လူသတ်မှုဖြင့် ရဲကအလိုရှိနေသူဖြစ်

    စုံနံ့သာကျေးရွာခွဲ အုပ်ချုပ်ရေးမှူးဟောင်းသေနတ်ပစ်ခတ်ခံထိ မော်လမြိုင်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ထား၊ ပစ်ခတ်သူမှာ လူသတ်မှုဖြင့် ရဲကအလိုရှိနေသူဖြစ်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဇူလိုင်-၂၅ )

    ရေးမြို့နယ် စုံနံ့သာကျေးရွာခွဲ အုပ်ချုပ်ရေးမှူးဟောင်း ဦးမျိုးဝင်း အသက် (၄၂) နှစ်သည် ယနေ့ (ဇူလိုင်-၂၅) နံနက် (၁) နာရီဝန်းကျင်ခန့်တွင် သေနတ်ပစ်ခတ်ခံရပြီး ဒဏ်ရာစိုးရိမ်ရသဖြင့် မော်လမြိုင်ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ကုသခံနေရကြောင်း၊ ပစ်ခတ်သူမှာ လူသတ်မှုဖြင့် ရဲကအလိုရှိနေသူဖြစ်ကြောင်း သတင်းရရှိသည်။ 

    “သူတို့ရွာ အသုဘအိမ်ကနေ ပြန်လာတယ်။ လမ်းမှာ ပစ်ခတ်ခံရတယ်။ ရန်ငြိုးရန်စ ရှိတဲ့သူပဲ လာပစ်သွားတယ်” ဟု ရေးမြို့မရဲစခန်း အရာရှိတစ်ဦးက မွန်သတင်းအေဂျင်စီကို ပြောသည်။

    ပြီးခဲ့သည့်ညသန်းခေါင်းကျော် နံနက်ပိုင်းအကူး နာရေးအိမ်တစ်ခုမှ ဟွန်ဒါဖစ်အမျိုးအစား ကိုပိုင်မော်တော်ယာဉ်ဖြင့် ဦးမျိုးဝင်း နေအိမ်သို့ပြန်လာစဉ် ဟွန်ဒါဖစ်အဖြူရောင် မော်တော်ယာဉ်တစ်စီးဖြင့် စောင့်ဆိုင်းနေသည့် ဝမ်းချိုင်း(ခ) အချိုင် ၂၀ နှစ်၊ (ဘ) ဘိုရွှေ၊ ပုပ္ဖဝတီကျေးရွာ၊ တူးမြောင်းကျေးရွာအုပ်စု၊ ရေးမြို့နယ်နေသူပါ (၄) ဦးတို့မှ ယာဉ်အား ရပ်တန့်စေပြီး ယာဉ်ပေါ်မှဆင်းခိုင်းကာ ဝမ်းချိုင်း(ခ) အချိုင်မှ ၎င်းကိုင်ဆောင်ထားသည့် ကာဘိုင်သေနတ်ဟုယူဆရသည့် သေနတ်အရှည်ဖြင့် ၃ ချက် ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ကြကြောင်း ရဲစခန်း၏ တိုင်ကြားစာအရ သိရသည်။

    ၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ရေးမြို့မရဲစခန်းတွင် အမှုတွဲအမှတ် ပ-၈၁ ရာဇသတ်ကြီးဥပဒေပုဒ်မ (၃၀၇) ဖြင့် အမှုဖွင့်ထားပြီး တရားခံဖမ်းဆီးရမိရေးအတွက် စုံစမ်းနေဆဲဖြစ်ကြောင်း ရဲစခန်းမှ စုံစမ်းသိရှိရသည်။

    အလားတူ ယမန်နှစ်ဇူလိုင်လအတွင်းက စုံနံ့သာကျေးရွာရှိခြံတစ်ခြံသို့ မူးယစ်ဆေးဝါးသွားရောက်ဖမ်းဆီးစဉ် တပ်ကြပ်ကြီးတစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့သည့်အမှုတွင် ရဲစခန်းက အဓိကအလိုရှိနေသူသည် အထက်ပါ ဦးမျိုးဝင်းအား ပစ်ခတ်ခဲ့သူ “အချိုင်” ဆိုသူပင်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

     “အချိုင်က တရားခံပြေးပဲလေ၊ မနှစ်ဇူလိုင်လထဲကပဲ စုံနံ့သာရွာ ရာဘာခြံထဲမှာ မူးယစ်ဆေးသွားဖမ်းတဲ့ တပ်ကြပ်ကြီးတစ်ယောက် သူ့လက်ချက်နဲ့ ပစ်ခံထိပြီးသေသွားတယ်၊ မူးယစ်ဆေးဝါးရောင်းတဲ့ သူ့ညီအပါအဝင်  ၃ ဦးကိုဖမ်းမိတယ်၊  အဲဒီကတည်းက အချိုင်တိမ်းရှောင်နေတယ်၊ ဖမ်းမမိခဲ့ဘူး လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဆီရောက်နေတယ်လို့ကြားတယ်”ဟု ၎င်းဖြစ်စဉ်သိရှိနေသူတစ်ဦးက ပြောသည်။ 

    အဆိုပါဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု ၃၉ မှ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံစစ်တပ်ပူးပေါင်းအဖွဲ့သည် သတင်းအရ ၂၀၂၀ ခုနှစ် ဇူလိုင် ၈ ရက်နေ့ နံနက် ၂ နာရီအချိန်က စုံနံ့သာကျေးရွာ ရာဘာခြံတစ်ခုသို့ မူးယစ်ဆေးဝါးသွားရောက်ဖမ်းဆီးရာ ရာဘာခြံတဲပေါ်၌ အဒီ၊ အမိန်းနှင့် မင်းတင်မွန်တို့ ၃ ဦးနှင့်အတူ စိတ်ကြွဆေးပြား စုစုပေါင်း ၇၄ ပြား ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးချက်အရ မူးယစ်ဆေးဝါးဖြန့်ဖြူးသည့် အစ်ကိုဖြစ်သူ အချိုင်အား လိုက်လံဖမ်းဆီးခဲ့ကြောင်း၊ ယင်းသို့ သွားရောက်ဖမ်းဆီးစဥ် စုံနံ့သာ-ဆက်သွယ်ကျေးရွာ ရွာချင်းဆက်လမ်း ခြံအတွင်းရှိတဲမှ ထွက်ပြေးသွားသူ အချိုင်က သေနတ်ဖြင့် ၂ ချက်ပစ်ခတ်သည့်အတွက် တပ်ကြပ်ကြီး မောင်သိန်း ဒဏ်ရာ ၂ ချက်ရရှိပြီး မော်လမြိုင် အမှတ်(၅) တပ်မတော်ဆေးရုံသို့ ပို့ဆောင်ကုသနေစဉ် ညနေပိုင်းတွင် သေဆုံးခဲ့ကြောင်း၊ ၎င်းတပ်ကြပ်ကြီးတစ်ဦးသေဆုံးမှုနှင့် ပက်သက်ပြီး “အချိုင်” အား ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားပြီး ကွင်းဆက်တရားခံတွေကို ရဲတပ်ဖွဲ့က ထပ်မံဖော်ထုတ်ဖမ်းဆီး သွားမည်ဖြစ်ကြောင်း ထိုစဉ်က သတင်းမှတ်တမ်းအရ သိရသည်။

    ယင်းသို့မူးယစ်းဆေးဝါး ဖမ်းဆီးသည့်အမှုအခင်းများသည် ဦးမျိုးဝင်း အုပ်ချုပ်ရေးမှူးဖြစ်နေသည့် ကာလအတွင်း ဖြစ်ပေါ်ခဲ့သဖြင့် ရန်ငြိုးရန်စပွားစရာဖြစ်ခဲ့ဟန်တူကြောင်း အထက်ပါ ဖြစ်စဉ်ကို သိရှိထားသူများက ယူဆသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts