HomeCovid 19ဇူလိုင် ၂၂ တစ်ရက်အတွင်း မွန်ပြည်နယ် ၃၇ ဦးအပါအဝင် တစ်နိုင်ငံလုံး လူနာ ၃၀၀ အထက် စံချိန်တင်အမြင့်ဆုံးသေဆုံး

ဇူလိုင် ၂၂ တစ်ရက်အတွင်း မွန်ပြည်နယ် ၃၇ ဦးအပါအဝင် တစ်နိုင်ငံလုံး လူနာ ၃၀၀ အထက် စံချိန်တင်အမြင့်ဆုံးသေဆုံး

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ ဇူလိုင်-၂၃)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ဇူလိုင်လ ၂၂ တစ်ရက်အတွင်း မွန်ပြည်နယ်က လူနာ ၃၇ ဦးအပါအဝင် တစ်နိုင်ငံလုံးတွင် စုစုပေါင်း ၃၁၉ ဦး ကိုဗစ်ရောဂါဝေဒနာဖြင့် စံချိန်တင်အမြင့်ဆုံးသေဆုံးခဲ့ကြောင်း သိရသည်။

သို့ရာတွင် ကိုဗစ်ကြောင့် အောက်ဆီဂျင်မရဘဲ သေဆုံးသူအရေအတွက် အဆမတန်များပြားလာသည့်အတွက် ဇူလိုင် ၁၃ ရက်နေ့ကစပြီး ရန်ကုန်မြို့က ထိန်ပင်၊ ရေဝေး၊ ကျီစု၊ ကျူချောင်းသုဿန် ၄ ခုတွင် တစ်ရက်ကို ရုပ်အလောင်းစုစုပေါင်း ၆၀၀ ကျော် ၇၀၀ နီးပါးသင်္ဂြိုဟ်ခဲ့ရကြောင်း၊ ဇူလိုင် ၂၀ ရက်နေ့တွင် ရုပ်အလောင်း ၁၃၀၀ နီးပါး သင်္ဂြိုဟ်ပေးခဲ့ရပြီး ဇူလိုင် ၂၂ ရက်နေ့ကလည်း စုစုပေါင်း ရုပ်အလောင်း ၁၃၀၀ နီးပါး မီးသင်္ဂြိုဟ်ခဲ့ရကြောင်း DVB သတင်းက ဖော်ပြသည်။

မွန်ပြည်နယ်အတွင်း ၂၄၃ ဦးအပါအဝင် တစ်နိုင်ငံလုံး ၆၇၀၁ ဦး အတည်ပြုလူနာတွေ့ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိမှု ၃၈ ဒဿမ ၈၄ ရာခိုင်နှုန်းရှိရာ တစ်ရက်အတွင်း ပိုးတွေ့ရှိမှုနှင့် သေဆုံးမှုအမြင့်ဆုံးဖြစ်ကြောင်း တွေ့ရှိရသည်။  

မော်လမြိုင်မြို့နေ ပရဟိတလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးက “မနေ့က မြန်မာတစ်နိုင်ငံလုံးမှာ ပိုးတွေ့ရှိမှု အများဆုံးနေ့တစ်နေ့ပေါ့။ သေဆုံးမှုလည်း အမြင့်ဆုံးဖြစ်ခဲ့တယ်။ ကျွန်တော်တို့ မွန်မှာလည်း တစ်ရက်ထဲ ၃၇ ဦး ထွက်သွားပေါ့။ ပြည်သူတွေအနေနဲ့ ပိုပြီး သတိထားဖို့ ဂရုစိုက်ဖို့ လိုအပ်နေပါပြီ။ သတိတစ်ချက်မှ လစ်လို့မရတဲ့ အနေအထားပါ” ဟု ပြောသည်။

အဆိုပါ သေဆုံးလူနာ ၃၇ ဦးထဲတွင် မော်လမြိုင်မြို့က အများဆုံးပါဝင်ပြီး သံဖြူဇရပ်နှင့် ပေါင်မြို့နယ်တို့  ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတဝန်း လက်ရှိအချိန်ထိ ဓာတ်ခွဲနမူနာ ၃ သန်းကျော်စစ်ဆေးခဲ့ရာတွင် အတည်ပြုလူနာ ၂ သိန်းခွဲကျော်၊ ပြန်လည်ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိခဲ့သူ ၁ သိန်း ၇ သောင်းကျော်ရှိပြီ ဖြစ်သည်။

ကိုဗစ်တတိယလှိုင်းအတွင်း ၂၀၂၁ ခုနှစ် ဇွန်လဆန်းမှ ဇူလိုင်လလယ်အထိ မွန်ပြည်နယ် ကိုဗစ်အတည်ပြုလူနာ ၄၃၆၇ ဦးရှိသည့်အနက် ၁၉၈ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts