Homeသတင်းSINGA BESAR 2801 PENANG စက်မဲ့ကုန်တင်တွဲသင်္ဘောတစ်စီး ပင-ကျိုက်ဝဲဗိုင်ကမ်းခြေ၌သောင်တင်

SINGA BESAR 2801 PENANG စက်မဲ့ကုန်တင်တွဲသင်္ဘောတစ်စီး ပင-ကျိုက်ဝဲဗိုင်ကမ်းခြေ၌သောင်တင်

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ ဇူလိုင်-၂၃)

SINGA BESAR 2801 PENANG အမည်ရှိ စက်မဲ့ကုန်တင်တွဲသင်္ဘောတစ်စီး ဇူလိုင်လ ၂၃ ရက်နေ့ နံနက်စောစောပိုင်းအချိန်တွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပငကျေးရွာအပိုင် ကျိုက်ဝဲဗိုင်ကမ်းခြေ၌ သောင်တင်လျှက်တွေ့ရှိခဲ့ရသည်။

ပင-ကျိုက်ဝဲဗိုင်ကမ်းခြေသည် ကရုပ္ပိချောင်းဝနှင့် စက်စဲကမ်းခြေအကြားတည်ရှိကြောင်း၊ ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သော မိုးသက်လေပြင်းနှင့် ပင်လယ်လှိုင်းဒဏ်ကြောင့် ဒီရေတက်ချိန် ရေစီးကြောင်းအတိုင်း အဆိုပါ စက်မဲ့ကုန်တင်တွဲသင်္ဘော မျောပါလာရသည်ဟု ယူဆရကြောင်း လုံခြုံရေးအဖွဲ့များနှင့်အတူ သွားရောက်ကြည့်ရှုခဲ့သူ ပငကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းထွန်းက ဆိုသည်။

၎င်းက “ဒီကနေ့ ဝဲကလိတပ်နယ်မှူးနဲ့ အဖွဲ့ အဲဒီမျောလာတဲ့ သင်္ဘောတွဲဆိုင်းကို သွားရောက်စစ်ဆေးကြည့်ပြီးတော့ ဒရုန်းနဲ့ ဓါတ်ပုံရိုက်တယ်။ တွဲဆိုင်းပေါ်ကို တက်စစ်ဆေးကြည့်တယ်၊ ကွန်ကရိတိုင်လုံးတွေပဲတွေ့ရတယ် လူတော့မပါဘူး” ဟု ဆိုသည်။

SINGA BESAR 2801-PENANG သည် မလေးရှားနိုင်ငံက တွဲသင်္ဘောဖြစ်ပြီး ​ကြက်သွန်ကျွန်းအနီး ရောက်ရှိနေသည့် ဆွဲသင်္ဘောအား ရေတပ်မှ ဆက်သွယ်စိစစ်ခဲ့ရာ တရားဝင်သယ်ဆောင်လာသည့် သင်္ဘောဖြစ်ပြီး ရာသီဥတုဆိုးဝါးမှုကြောင့် ဆွဲသည့်ကြိုးပြတ်ကာ ယခုကဲ့သို့ သောင်တင်သွားခြင်းဖြစ်ကြောင်း ဝဲကလိတပ်နယ် အရာရှိတစ်ဦး၏ ဗိုလ်အောင်ဒင် အမည်ရှိ Faecbook တွင် ရေးသားဖော်ပြသည်။

“မနေ့ ၂၂-၇-၂၀၂၁ ရက်နေ့ညက မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာအနီးက ကျိုက်ဝဲဗိုင်ကမ်းခြေကို တွဲသင်္ဘောတစ်စီး ကမ်းကပ်သောင်တင်ခဲ့ပါတယ်၊ ဒီသင်္ဘောဟာ မလေးရှားကနေ ရန်ကုန် သီလဝါဆိပ်ကမ်းကို ကွန်ကရိဘိုးပိုင်တိုင်များ သယ်ဆောင်လာသော တရားဝင် လိုင်စင်ရှိ သင်္ဘောတစ်စီးဖြစ်တယ်လို့သိရပြီး ရာသီဥတုဆိုးဝါးမှုကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တရားဝင်ဆက်သွယ်မှုရယူပြီးတော့မှ တွဲဆွဲသောင်တင်မှုဖြစ်ခဲ့တာလို့ သိရပါတယ်၊ လက်ရှိအချိန်မှာ ရေတပ်မှ လိုအပ်တဲ့ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ပြန်လည်ထွက်ခွါနိုင်ဖို့ ကူညီဆောင်ရွက်ပေးနေကြောင်းလည်း သိရပါတယ်” ဟု ၄င်း Faecbook တွင် ဖော်ပြသည်။

အရှည်ပေ ၂၀၀  အကျယ်ပေ ၅၀ အမြင့် ၂၀ ပေ ခန့်ရှိသည့် အဆိုပါ စက်မဲ့ကုန်တင်တွဲသင်္ဘောပေါ်တွင် လူတစ်ဦးတစ်ယောက်မှပါဝင်ခြင်း မရှိသော်လည်း အချင်း ၃ ပေ အရှည်ပေ ၁၀၀ ခန့်ရှိသည့် ကွန်ကရိတိုင်လုံး ၄၅၆ လုံး တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ပငကျေးရွာ၌ ညပိုင်း မိုးသက်လေပြင်းတိုက်ခတ်ပြီးသည့်နံနက်စောစောပိုင်းတွင် ကမ်းခြေမှ မီတာ ၅၀၀ ခန့်အကွာ အဆိုပါ တွဲသင်္ဘော သောင်တင်နေသည်ကို မြင်တွေ့ခဲ့ရကြောင်း ပငကျေးရွာမှ လယ်သမား နိုင်ဗဲ့က ပြောသည်။

“အဲဒီတွဲသင်္ဘော တကယ်တမ်းဝင်လာတာက လဆန်း ၁၃ ရက် (ဇူလိုင် ၂၂) ညပိုင်းကတည်းက ထင်တယ်ဗျ။ မနက်စောစောမှာ တွေ့ရတယ်၊ နောက်တော့ သင်္ဘောတစ်စီးကလည်း ပင်လယ်ပြင် မလှမ်းမကမ်းမှာ စောင့်နေတယ်” ဟု ၎င်းကပြောသည်။

မွန်ပြည်နယ်အတွင်း ဇူလိုင်လ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အတွင်း နေရာအနှံ့မိုးကြီးပြီး အချို့နေရာများတွင် မိုးသက်လေပြင်းကျရောက်ခဲ့ကြောင်း တွေ့ရှိရသည်။

ထို့အတူ ယခုရက်ပိုင်းအတွင်း မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိတိုက်ခတ်နိုင်ပါသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ၈ ပေမှ ၁၃ ပေခန့်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒမှ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts