Monday, March 9, 2026
More
    spot_img
    HomeCovid 19မွန်စာပေသမိုင်းပညာရှင် နိုင်မောင်တိုး အသက် (၇၇) နှစ် ယနေ့နံနက်တွင် ကွယ်လွန်အနိစ္စရောက်

    မွန်စာပေသမိုင်းပညာရှင် နိုင်မောင်တိုး အသက် (၇၇) နှစ် ယနေ့နံနက်တွင် ကွယ်လွန်အနိစ္စရောက်

    -

    မွန်သတင်းအေဂျင်စီ (၁၇-ဇူလိုင် ၂၀၂၁)

    အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန အငြိမ်းစားညွှန်ကြားရေးမှူး မွန်စာပေနှင့် စာပေသမိုင်းပညာရှင်  နိုင်မောင်တိုး အသက် (၇၇) နှစ်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ တာမွေမြို့နယ်နေအိမ်၌ ကွယ်လွန်အနိစ္စရောက်ရှိသွားကြောင်း သတင်းရရှိသည်။

    နိုင်မောင်တိုး၏ သမီးဖြစ်သူ မိကွန်ချမ်းက “ အဖေ့ နေမကောင်းဖြစ်နေတာ ၁ ရက်နေ့ကတည်းကပါ၊ ဒီမနက် ၆ နာရီ မိနစ် ၄၀ မှာ ဆုံးသွားတာရှင့်၊ သူသိပ်မမောဘူး၊ ကိုဗစ်နည်းနည်း ထိသွားတာနဲ့ တူပါတယ်၊ အဖေ့မှာက ရောဂါအစုံရှိပါတယ်” ဟု ဆိုသည်။

    နိုင်မောင်တိုး၏ ကြွင်းကျန်ရုပ်ကလာဒ်ကို ယနေ့ မီးသင်္ဂြိုလ်ရန်စီစဉ်လျက်ရှိပြီး မည်သည့်အချိန်တွင် ဆောင်ရွက်နိုင်မည်ကို မသိရသေးဟု ဆိုသည်။

    ရန်ကုန်တိုင်း မွန်စာပေယဉ်ကျေးမှုကော်မတီ နာယက နိုင်စိုးကြည်က “အခုလိုကျနော်တို့ မွန်ပညာရှင်တစ်ဦး ဆုံးရှုံးသွားရတာ စိတ်မကောင်းဖြစ်ရပါတယ်၊ မွန်အရေးနဲ့ ပတ်သက်ပြီး သူလှုပ်ရှားမှုတွေက အများကြီးပါ၊ ၁၉၇၂ ခုနှစ် ရန်ကုန်တိုင်း မွန်စာပေယဉ်ကျေးမှုကော်မတီ စဖွဲ့ကတည်းက အတွင်းရေးမှူး အရင်ဆုံးတာဝန်ယူခဲ့ဖူးတယ်၊ နောက်တော့ ဥက္ကဌ၊ နာယက၊ ရန်ကုန်မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီမှာလည်း အမြဲတမ်းပါဝင်တယ် ဥက္ကဌ၊ နောက်ဆုံးမှာ နာယကဖြစ်တာပေါ့၊ မွန်ပြည်နယ်မှာလည်း သူလှုပ်ရှားမှုတွေက အများကြီးရှိခဲ့ပါတယ်” ဟု ပြောသည်။

    နိုင်မောင်တိုးသည် လစဉ်ထုတ် အမာတ်ဒိန်မွန်ဂျာနယ် အယ်ဒီတာချုပ်၊ ဗညားဒလ၏ ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းကို မြန်မာဘာသာပြန်ဆိုထုတ်ဝေသူ၊ ထိုင်းနိုင်ငံ တက္ကသိုလ်အချို့ဖိတ်ကြားချက်အရ မွန်စာပေသမိုင်းဆိုင်ရာ သုတေသနစာတမ်းများအလျဉ်းသင့်သလို သွားရောက်ဟောပြောခဲ့သူ၊ မွန်ရိုးရာဓလေ့ဆိုင်ရာ ဆောင်းပါးများစွာ ရေးသားပြုစုခဲ့သူတစ်ဦးလည်း ဖြစ်သည်။

    ကွယ်လွန်ချိန်တွင် ကျန်ရစ်သူ ဇနီး မိအေးသန်း၊ သမီး မိကွန်းချမ်းနှင့် သား မင်းကောင်းစံတို့ ရန်ကုန်မြို့ တာမွေမြို့နယ် ၁၄၆ လမ်း၊ အိမ်နံပါတ် ၈ (၄) လွှာတွင် နေထိုင်လျှက်ရှိကြသည်။ နိုင်မောင်တိုးသည် မော်လမြိုင်မြို့နယ် ဖားအောက်ကျေးရွာအုပ်စု ကော့ခမယ်ရွာနေ အဖ နိုင်ရှား၊ အမိ မိစိန်ကြော့တို့၏ သားအကြီးဆုံးဖြစ်ပြီး မွေးချင်းမောင်နှမ (၅) ဦးရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks