Wednesday, March 11, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးအမည်မသိသေနတ်သမားပစ်ခတ်မှုကြောင့် လမိုင်း-ကော့ဒွတ်ကားလမ်းအကြား ဆိုင်ကယ်စီးလာသူ ၂ ဦး သေနတ် ၂ ချက်စီထိမှန်၊ တစ်ဦးစိုးရိမ်ရ

    အမည်မသိသေနတ်သမားပစ်ခတ်မှုကြောင့် လမိုင်း-ကော့ဒွတ်ကားလမ်းအကြား ဆိုင်ကယ်စီးလာသူ ၂ ဦး သေနတ် ၂ ချက်စီထိမှန်၊ တစ်ဦးစိုးရိမ်ရ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဇူလိုင် ၆)

    ရေးမြို့နယ် လမိုင်း-ကော့ဒွတ်ကားလမ်းအကြား ယမန်နေ့ညတွင် အမည်မသိသေနတ်သမား ပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးလာသူ ၂ ဦး ကျည်ဆံ ၂ ချက်စီထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရလူနာများအား လမိုင်းမြို့ပြည်သူ့ဆေးရုံမှ မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ တစ်ဦးမှာအသက်အန္တရာယ်စိုးရိမ်စရာ အခြေအနေရှိကြောင်း သတင်းရရှိသည်။   

    ၎င်းတို့ မိတ်ဆွေအပေါင်းအသင်း ၅ ဦးပါအဖွဲ့သည် မော်တော်ဆိုင်ကယ် (၃) စီးဖြင့် ကော့ဒွတ်ကျေးရွာမှ လမိုင်းမြို့သို့ပြန်အလာ ည (၁၀) နာရီဝန်းကျင်ခန့်တွင် လမ်းထက်ဝက်အမှောင်အတွင်းမှစောင့်ကြိုနေသော အမည်မသိသေနတ်သမားက သေနတ် (၈) ချက်ပစ်ခတ်ခဲ့ရာ နောက်ဆုံးဆိုင်ကယ်တစ်စီးပေါ်မှ နိုင်မွန်ဍာမ် (နာဲမန်ဍာံ) နှင့် နိုင်ကျိုင်းတို့အား သေနတ် (၂) ချက်စီ ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု နိုင်မွန်ဍာမ် မိတ်ဆွေတစ်ဦးက ပြောသည်။

     “နောက်ဆုံးတက်လာတဲ့ဆိုင်ကယ်ကိုပဲ ရွေးပစ်တာ၊ အကုန်လုံး သေနတ် (၈) ချက်ပစ်ဖောက်တယ်။ တစ်ယောက် (၂) ချက်စီ ထိသွားတယ်။ တစ်ယောက်က ဝမ်းဗိုက်မှာထိတာ၊ တစ်ယောက်ကတော့ လက်ကိုထိပြီး အရိုးကျိုးသွားတယ်။ သူတို့ လဲကျသွားတော့ အရှေ့ရောက်နေတဲ့ဆိုင်ကယ်တွေ ပြန်လှည့်လာပြီး သူတို့ကို လာပြန်ခေါ်တယ်။ ဒဏ်ရာရသူတွေ စီးလာတဲ့ဆိုင်ကယ်တစ်စီးကို သေနတ်သမားတွေ ယူသွားတယ်” ဟု နိုင်မွန်ဍာမ် မိတ်ဆွေက ဆိုသည်။

    အဆိုပါ သေနတ်ဒဏ်ရာရရှိခဲ့သူ ၂ ဦးသည် မူးယစ်ဆေးဝါးနှိမ်နင်းရေးဆောင်ရွက်နေသော မွန်ပြည်သစ်ပါတီဒေသခံ အကျိုးဆောင်များဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးဖမ်းဆီးခဲ့ရာတွင် ပါဝင်ကူညီခဲ့သူများဖြစ်ကြောင်း လမိုင်းဒေသခံ သတင်းအရင်းမြစ်တစ်ခုက ပြောကြားသည်။ 

    “မွန်ပြည်သစ်ပါတီရဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးမှာ သူက ပါဝင်ကူညီဆောင်ရွက်နေတယ်။ မူးယစ်ဆေးကြောင်ပြီး ရမ်းကားနေတဲ့လူငယ်တွေကို သွားရောက်ဖမ်းတော့လည်း သူက လိုက်ပါခဲ့ဖူးတယ်” ဟု အထက်ပါအရင်းအမြစ်က ဆိုသည်။

    ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ သူတပါး၏အသက်ကို သေစေနိုင်သော လက်နက်ဖြင့် ပစ်ခတ်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၇/၁၁၄ အမှုအတွဲအမှတ် ပ- ၀၀၂၆ (၂၀၂၁) ဖြင့် လမိုင်းနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဇော်က ပြောသည်။

     “အမှုတော့ ဖွင့်ထားတယ်။ ဘယ်သူပစ်သွားတယ်ဆိုတာ စုံစမ်းဆဲပါ။ မသိသေးဘူး။ M-16 နဲ့ ပစ်သွားတာပါ” ဟု ရဲမှူးသိန်းဇော်က ဆိုသည်။

    အလားတူ ရေးမြို့နယ်တောင်ပိုင်း ဟံဂံကျေးရွာအနီး ပြီးခဲ့သည့် ဇွန်လ ၂၄ ရက် ည ၈ နာရီအချိန်ခန့်က ဆိုင်ကယ်စီးလာသောရွာသားတစ်ဦးအား အမည်မသိသေနတ်သမားပစ်သတ်သဖြင့် သေဆုံးခဲ့မှုကိုလည်း သက်ဆိုင်ရာမှ စုံစမ်းရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။ 

    ပစ်ခတ်ခံရသူများ လမိုင်းဆေးရုံ ရောက်ရှိလာစဉ်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks