မွန်သတင်းအေဂျင်စီ (၂ ဇူလိုင် ၂၀၂၁)
မွန်ပြည်နယ်အတွင်းရှိ တောင်သူများ ယနှစ်တွင် မတ်ပဲ ပိုမိုတိုးကာ စိုက်ပျိုးကြရန် မွန်ပြည်နယ် ပဲ၊ နှမ်းကုန်သည်အသင်း ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ခိုင်မြင့်က တိုက်တွန်းလိုက်သည်။
ပြီးခဲ့သည့်နှစ်တွင် မတ်ပဲ ဈေးကျကာ မတ်ပဲစိုက်တောင်သူများ အထိနာခဲ့သောကြောင့် မတ်ပဲ စိုက်ဧက လျော့ကျခဲ့ကြောင်း၊ မြန်မာနိုင်ငံထွက် မတ်ပဲ တန်ချိန် နှစ်သိန်းခွဲကို အိန္ဒိယနိုင်ငံမှ ငါးနှစ်စာချုပ်ချုပ်ကာ ဝယ်ယူမည်ဖြစ်သောကြောင့် ဈေးကွက်အာမခံချက် ရရှိခဲ့ပြီးဖြစ်ကြောင်း ၄င်းကပြောသည်။
“မတ်ပဲကတော့ ဈေးကွက်တစ်ခုကတော့ ခိုင်မာသွားမယ်။ နောက်ပြီးတော့ စိုက်ဧကလည်း တိုးလာမယ်။ ကျွန်တော့အမြင်ပေါ့နော်။ အဲလိူမျိုးလုပ်လိုက်ရင်။ ကျွန်တော်တို့က ခါတိုင်းဆိုလို့ရှိရင် တောင်သူတွေက ဈေးကွက်အာမခံချက် မရှိဘူးလေ”ဟု ဦးကျော်ခိုင်မြင့်က ပြောသည်။
အိန္ဒိယ နိုင်ငံအပြင် တစ်ခြားနိုင်ငံများကပါ ဝယ်ယူမှု များလာသောကြောင့် ရပ်နားထားသော တောင်သူများကိုလည်းမတ်ပဲ ပြန်လည်စိုက်ပျိုးဖို့ တွန်းအားပေးလိုအပ်သလို တောင်သူများအားလုံး မတ်ပဲများများ စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်ကြောင်း ၄င်းကပြောသည်။
သထုံမြို့နယ်မှ မတ်ပဲစိုက်တောင်သူ ဒေါ်ကုလားမ က “အကြီးတို့ကျတော့ ရောစိုက်တာပေါ့နော်။ မတ်ပဲ သီးသန့်တော့ မဟုတ်ဘူး။ မနှစ်ကတော့ တော်တော်အထိနာတယ်။ ဈေးက လုံးဝမရဘူး။ အဲတော့ အကြီးတို့က နားလိုက်တယ်။ လာမယ့်နှစ်တော့ အခြေအနေကြည့်ပြီး ထပ်စိုက်ဖို့တော့ စဉ်းစားထားတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံမတ်ပဲကို အဓိကထားတင်သွင်းနေရသည့် အိန္ဒိယနိုင်ငံက ကိုတာစနစ်ဖြင့် ပဲတင်သွင်းခွင့် ပယ်ဖျက်လိုက်ပြီး မည်သူမဆို တင်ပို့ခွင့်ပြုပေးလိုက်သဖြင့် ပြည်တွင်း မတ်ပဲဈေးများ အနည်းငယ် မြင့်တက်လာပြီး မန္တလေးဈေးကွက်တွင် မတ်ပဲဈေးမှာ မူလက ၃ တင်း တအိတ်လျှင် ကျပ် ၉ သောင်းခန့် ရှိရာမှ ယခုအခါ မတ်ပဲမှာ ကျပ် ၉ သောင်း ၈ ထောင်အထိ ဈေးတက်လာကြောင်း သိရသည်