Wednesday, March 11, 2026
More
    spot_img
    Homeသတင်းအရည်အသွေးမြင့်ရော်ဘာပြား ပြည်ပမှဝယ်ယူမှုများလာ

    အရည်အသွေးမြင့်ရော်ဘာပြား ပြည်ပမှဝယ်ယူမှုများလာ

    -

    မွန်သတင်းအေဂျင်စီ (29 June 2021)

    မွန်ပြည်နယ်ရော်ဘာဈေးကွက်အတွင်း အရည်အသွေးမြင့်  ရော်ဘာပြား(အပါး)ကို ပြည်ပမှ ဝယ်ယူမှု များလာကြောင်း ပြည်နယ်ရော်ဘာလုပ်ငန်းရှင်များအသင်းမှ ဦးအောင်ရွှေက ပြောသည်။

    ရော်ဘာပြား(အပါး)ကို ဈေးကောင်းပေးကာ မှာယူမှု များလာသောကြောင့် တောင်သူများအတွက် အကျိုးရှိလာမှာဖြစ်ကြောင်း ဆက်ပြောသည်။

    “ကမ္ဘာ့ဝယ်လိုအားကြောင့် RSS 1 ဈေးကောင်းလာတော့ အရင် အထူပြားလုပ်တဲ့သူ တော်တော်များများက အပါးပဲ လုပ်လာကြတယ်လေ။  အပါးက နည်းနည်း ဈေးကွက်ရှိလာတယ်။ အရင်ထဲက ကျွန်တော်တို့ ရော်ဘာအသင်းအနေနဲ့ စည်းရုံးတယ်။ အပါးလုပ်ပေးဖို့။ အခု စည်းရုံးစရာမလိုတော့ဘူး။ ဈေးကွက်က ပေါ်ပေါ်ထင်ထင် ဖြစ်လာတာပေါ့”ဟု ဦးအောင်ရွှေက ပြောသည်။

    ရော်ဘာပြား အပါးကို တရုတ်နိုင်ငံက အဓိက ဝယ်ယူခဲ့သော်လည်း ယခုအခါ အိန္ဒိယ နှင့် စင်ကာပူနိုင်ငံကပါ  ဝယ်ယူရန် ကမ်းလှမ်းလာကြောင်း၊ ထို့ကြောင့် လာမည့်နှစ်တွင် ပြည်ပကို ပိုမိုတင်ပို့ရောင်းချနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ၄င်းကဆက်ပြောသည်။

    အဆင့်မြင့် ရော်ဘာပြား (အပါး) များများ ထုတ်နိုင်မှသာ  ဈေးကွက်ဖြစ်ပေါ်လာမည် ဖြစ်သည့်အတွက် လုပ်ငန်းရှင်အပါအဝင် တောင်သူများအနေဖြင့် စက်ရုံငယ်များရင်းနှီးမြှုပ်နှံ၍ ရော်ဘာပြား (အပါး) ထုတ်လုပ်ကြဖို့ တိုက်တွန်းထားသည်ဟု ၄င်းက ဆိုသည်။

    သံဖြူဇရပ်မြို့နယ်မှ ရော်ဘာလုပ်ငန်းလုပ်ကိုင်သူ ကိုမောင်ခိုင်က “အရင်ကတော့ ကျွန်တော်တို့က အထူပဲ လုပ်တာ။ မြန်တယ်လေ။ ဘာမှလုပ်စရာလည်း မလိုဘူး။ လှန်းရုံပဲလေ။ ဈေးကတော့ သိပ်မရဘူးပေါ့။ အခုတော့ သေချာသန့်စင်တယ်။ ခဲ၊ သဲ မပါအောင်စစ်တယ်။ အချိန်တော့အရမ်းမပေးရဘူး။ ဈေးကောင်းလည်းရတယ်” ဟု ပြောသည်။

    ယခုနောက်ပိုင်းမှာ သန့်စင်ရော်ဘာပြားကို လုပ်ကိုင်လာသူများလာပြီး တစ်ချို့တောင်သူများက ၎င်းတို့ လိုချင်သော ဈေးရရှိသည့် အချိန်မှသာ ထုတ်ရောင်းကြကြောင်း ၄င်းက ဆက်ပြောသည်။

    လက်ရှိတွင် RSS 1 တစ်ပေါင် ၉၆၀ ကျပ် မှ ၁၀၀၀ထိ ပေါက်ဈေးရှိနေပြီး Local တစ်ပေါင် ၈၀၀ကျပ် ဝန်းကျင်ခန့် ပေါက်ဈေးရှိနေကြောင်း သိရသည်။

    အကယ်၍ ပြည်ပ ဝယ်လိုအား မြင့်တက်လာပါက ရော်ဘာဈေးကွက်ပြန်လည်ကောင်းမွန်းလာမည်ဖြစ်ပြီး တောင်သူများလည်း အကျိုးအမြတ်ရရှိမည်ဖြစ်ကြောင်း၊ ထို့ပြင် ရော်ဘာဈေးကွက် ပိုမို ‌ခိုင်မာလာစေဖို့အတွက်  ပြည်နယ်အဆင့်အာဏာပိုင်အဖွဲ့အစည်း (သို့မဟုတ်) NGO ကဲ့သို့ အဖွဲ့အစည်းများမှလည်း ဝိုင်းဝန်း  ပံ့ပိုးပေးဖို့ တောင်းဆိုလိုကြောင်း ဦးအောင်ရွှေက ယူဆသည်။

    မြန်မာနိုင်ငံ ရာဘာ ထုတ်လုပ်မှု၏ ၄၉ ရာခိုင်နှုန်းသည် မွန်ပြည်နယ်မှ ထွက်ရှိလာခြင်းဖြစ်ပြီး တနှစ်လျှင် ရာဘာ တန်ချိန် ၁ သိန်းကျော် ထုတ်လုပ်လျက်ရှိကာ တနိုင်ငံလုံး ရာဘာစိုက် ဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks