spot_img
Sunday, February 1, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးအမျိုးသားရေး တိုင်းပြည်အရေးအကြောင်းပြပြီး ငြိမ်းချမ်းရေးကို မဖျက်ဆီးရန် KNU ဥက္ကဌသတိပေး

    အမျိုးသားရေး တိုင်းပြည်အရေးအကြောင်းပြပြီး ငြိမ်းချမ်းရေးကို မဖျက်ဆီးရန် KNU ဥက္ကဌသတိပေး

    -

    မွန်သတင်းအေဂျင်စီ (၁၇ ဇွန် ၂၀၂၁)

    အမျိုးသားရေး၊ တိုင်းပြည်အရေး အကြောင်းပြပြီး ငြိမ်းချမ်းရေးကို မဖျက်ဆီးရန် ယမန်နေ့က ကျင်းပပြီးစီးခဲ့သည့် ကရင်လက်နက်ကိုင်များအစည်းအဝေး၌ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက သတိပေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

    ကရင်ပြည်နယ်၊ ဘားအံခရိုင်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုဌာနချုပ် လော်ခီးလားစခန်း၌ KNU -ကရင်အမျိုးသားအစည်းအရုံး၊ DKBA – ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်၊ KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီနဲ့ BGF – နယ်ကြားစောင့်တပ်ဖွဲ့ စသည့်ကရင်လက်နက်ကိုင် ၄ ဖွဲ့မှ ခေါင်းဆောင်များသည် လက်ရှိ မြန်မာ့နိုင်ငံရေး အပါအဝင် ကရင်လက်နက်ကိုင်များကြားက ပဋိပက္ခများအပေါ် ဖြေရှင်းနိုင်ရေး အစည်းအဝေး တစ်ရပ်ကို ဇွန်လ ၁၅ ရက်မှ ၁၆ ရက်ထိ ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးတွင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားခဲ့ခြင်းဖြစ်သည်။

    KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက “ မိမိ မေးခွန်းထုတ်လိုတာက ပြဿနာ ဖြေရှင်း ဆွေးနွေးမှာလား၊ ပိုမိုကြီးထွားရှုတ်ထွေးအောင် လုပ်မှာလားဆိုတာ ခေါင်းဆောင်တွေ ကိုယ်တိုင် မေးခွန်း ထုတ်ကြပါ။ အမျိုးသားရေး တိုင်းပြည် အရေး အကြောင်းပြပြီး ငြိမ်းချမ်းမှုကို ဖျက်ဆီးသူတွေ မဖြစ်ဖို့လိုတယ်လို့ မိမိအနေနဲ့ သတိပေးလိုပါတယ်”ဟု အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။

    KNU ထိမ်းချုပ်နယ်မြေ မြဝတီမြို့နယ် ကနဲလေး-မောခီကြားရှိ အူးချောင်းတံတား လုပ်ငန်းများ လုပ်ကိုင်နေစဉ် အမျိုးသမီးနှင့် ကလေးများ အပါအဝင် စုစုပေါင်း ၄၇ ဦးကို ၎င်းဒေသတွင် လှုပ်ရှားနေသည့် KNDO တို့မှ ဖမ်းဆီးသွားပြီးနောက် အသက် ၁၈ နှစ်မှ ၅၂ နှစ်ကြားရှိ အမျိုးသား ၂၅ ဦး သတ်ဖြတ်ခံခဲ့ရခြင်းနှင့် ပတ်သက်ပြီး KNU ဥက္ကဌက ပြောဆိုခဲ့ခြင်းဖြစ်သည်။

    KNU အနေဖြင့် လက်နက်ကိုင်တိုက်ခိုက်မှုများအတွင်း အရပ်သားများကို သတ်ဖြတ်သည့် ဖြစ်စဉ်တို့ကို လက်ခံနိုင်ခြင်းမရှိသည့် Geneva Convention ကို လိုက်နာသည့်အဖွဲ့ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး အဖြစ်မှန်‌ပေါ်ပေါက်ရေးကို ကရင်အမျိုးသားအစည်းအရုံး (KNU)က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးသွားမည်ဟု ဆိုသည်။

    ထို့အပြင် ကရင်လက်နက်ကိုင် အချင်းချင်း BGF နှင့် KNU လက်အောက်ခံတပ်များကြား တိုက်ပွဲများ ကြားက လုံခြုံရေးအရ တိုက်ခိုက်မှုများ မရှိလာစေရေး၊ တိုက်ပွဲများကြောင့် နေရပ် စွန့်ခွာသူများ ဘဝလုံခြုံစေရေးစသည့်အချက်များကိုလည်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

    ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူက “ မိမိတို့ တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး သေဆုံးမှုများ ရှိလာပါတယ်။ ဒီလုပ်ရပ်တွေဟာ အဆိုးဘက်ကို ဦးတည်စေတာကို သတိပြုဖို့ လိုအပ်ပါတယ်။ မိမိဟာ အင်အားနဲ့ လုပ်ကိုင်နိုင်စွမ်းရှိတဲ့ လက်နက်ကိုင် အဖွဲ့ တစ်ခုအဖြစ်ရှိတာကို အားလုံး သိစေလိုပါတယ်။ ဒီလိုပြောတဲ့အတွက် ခြိမ်းခြောက်တာ မဟုတ်ပါဘူး၊ KNU ခေါင်းဆောင်များဟာ မိမိရဲ့ ဆရာ မိဘများ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ မိမိတို့အနေနဲ့ နယ်စပ်လုံခြုံရေးနဲ့ ဒေသတည် ငြိမ်ရေး အဓိကထား လုပ်နေရတဲ့ အဖွဲ့အဖြစ်ရပ်တည်နေရတဲ့အတွက် လုံခြုံရေး တာဝန်ထမ်းဆောင်မှု လုပ်ရပ်အပေါ် နှောင့်ယှက် ချောင်းပစ်ခတ်ခြင်းကို ထိန်းသိမ်းပေးစေလိုပါတယ်”ဟု ဆွေးနွေးခဲ့ကြောင်း သိရသည်။

    အဆိုပါ အစည်းအဝေးတွင် KNU မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ခံ စောရော်ဂျာခင်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ဘားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောရွှေမောင်း၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူး ကြီး စောချစ်သူ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)မှ ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောစတီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ ကရင်အမျိုးသားအစည်း အရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)မှ ကိုယ်စားလှယ်အဖွဲ့ တို့တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

    ပုံ-၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၅-၁၆ ရက်များက ကရင်တိုင်းရင်းသား လက်နက်ကိုင်များ တွေ့ဆုံဆွေးနွေးကြစဉ်။ (ဓာတ်ပုံ − Supplied)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks